ပါကစ္စတန်ဆိုင်ရာ အာဖဂန်သံအမတ်ကြီးနာဂျစ် အလီဟီ၏ သမီးပြန်ပေးဆွဲ နှိပ်စက်ခံရ

ပါကစ္စတန်ဆိုင်ရာ အာဖဂန်သံအမတ်ကြီးနာဂျစ် အလီဟီ၏ သမီးပြန်ပေးဆွဲ နှိပ်စက်ခံရ

ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီး နာဂျစ်အလီဟီ၏ သမီးကိုပြန်ပေးဆွဲမှုအား အာဖဂန်နစ္စတန်က ပြင်းထန်စွာရှုတ်ချလိုက်ပြီး အစွန်းရောက်အကြမ်းဖက်မှုကျူးလွန်သူများအား ဖြစ်နိုင်သမျှ မြန်မြန် ဖော်ထုတ်အရေးယူရန် ပါကစ္စတန်အစိုးရကို ဇူလိုင်လ ၁၇ရက်က တောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီး နာဂျစ်အလီဟီ၏ သမီးသည် အိမ်အပြန်လမ်းတွင် မည်သူမည်ဝါမှန်း မသိသူများ၏ နာရီပေါင်းများစွာပြန်ပေးဆွဲပြီး ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသည့် အတွက် ဝမ်းနည်းမိကြောင်း အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန (MoFA) က ပြောကြားခဲ့သည်။

ပြန်ပေးဆွဲသူများ၏ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ပြီးနောက် ဆယ်ဆီလီ အလီဟီသည် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

“ပါကစ္စတန်ရှိ အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံရေးနှင့် ကောင်စစ်ဝန်ရုံးဝန်ထမ်းများ၊ သံတမန်များ၊ သူတို့၏ မိသားစုများနှင့် ဝန်ထမ်းများ၏လုံခြုံရေးအပေါ်နက်နက် ရှိုင်းရှိုင်းစိုးရိမ်ပူပန်ကြောင်းဖော်ပြခဲ့ပြီး ယင်းရက်စက်သည့် လုပ်ရပ်ကို အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီး နာဂျစ်အလီဟီ၏ သမီးဖြစ်သူ ဆယ်ဆီလီ အလီဟီသည် ပြန်ပေးဆွဲ၊ ပြင်းထန်စွာနှိပ်စက်ညှင်းပန်းခံရပြီးနောက် ပြန်လွတ်လာသည်ဟု ပါကစ္စတန်မီဒီယာက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပါကစ္စတန်အား အာဖဂန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ၏ လုံခြုံရေးနှင့် အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ သဘောတူညီချက်များနှင့်အညီ တိုင်းပြည်၏ သံတမန်များနှင့် ၎င်းတို့၏ မိသားစုများ၏ လုံခြုံရေးကို စောင့်ရှောက်မှုပေးရန် လိုအပ်သောအရေးယူမှုများကို ချက်ချင်းပြုလုပ်ရန်တောင်းဆိုလိုက်သည်။

"အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကိစ္စကို ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အတူပူးပေါင်းဆောင်ရွက်နေပြီး ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်အရေးယူရန် ပါကစ္စတန်အစိုးရကို တိုက်တွန်းလိုက်ကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly