ပါကစ္စတန်ဘတ်စ်ကားပေါက်ကွဲမှုတွင် တရုတ်အစိုးရ ပါဝင်စစ်ဆေး

ပါကစ္စတန်ဘတ်စ်ကားပေါက်ကွဲမှုတွင် တရုတ်အစိုးရ ပါဝင်စစ်ဆေး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပတ်ရှ်တွန်ခါဝါပြည်နယ်တွင် ဘတ်စ်ကားတစ်စီးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသား ၉ ဦး သေဆုံးပါဝင်ခဲ့ရာ ယင်းကိစ္စတွင် ပါဝင်စုံစမ်းစစ်ဆေးရန် မဟာမိတ်ဖြစ်သူ ပါကစ္စတန်ကို တရုတ်အစိုးရက ကူညီရန် ဆုံးဖြတ်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက စုံစမ်းရေးတွင် ပါကစ္စတန်ကို ကူညီရန် ဌာနအချင်းချင်း ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းအဖွဲ့ကို စေလွှတ်ရန် စီစဉ်ထားကြောင်း ဇူလိုင် ၁၅ရက်က ကြေညာခဲ့သည်။

ပါကစ္စတန်အစိုးရ ဝန်ကြီးချုပ်က ပါကစ္စတန်မြေပေါ်တွင် နိုင်ငံခြားလုံခြုံရေးတပ်ဖွဲ့ကို ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း အကြိမ်ကြိမ်ပြောကြားထားသော်လည်း တရုတ်စုံစမ်းစစ်ဆေးမှုကို ခွင့်ပြုထားသည်။

မငြိမ်မသက်ဖြစ်နေသော ခိုင်ဘာပတ်ရှ်တွန်ခါဝါပြည်နယ်၊ ကိုဟစ္စတန်ခရိုင် အထက်ပိုင်း ဒါခူဒေသတွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကုန်ကျမည့် တရုတ် - ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဆည်တည်ဆောက်ရန်အတွက် တရုတ်အင်ဂျင်နီယာများနှင့် ဆောက်လုပ်ရေး လုပ်သားများက ကူညီလုပ်ကိုင်နေစဉ် အဆိုပါ မတော်တဆမှု ဇူလိုင်လ ၁၄ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒက်စုဆည်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ တရုတ်အင်ဂျင်နီယာများနှင့် အလုပ်သမားများကို ဘတ်စ်ကားဖြင့် ခေါ်ဆောင်လာစဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၉ ဦး နှင့် နယ်ခြား စောင့်တပ်သား ၂ ဦး အပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကာ ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဘတ်စ်ကားသည် ချောက်နက်ထဲသို့ ထိုးကျသွားခဲ့သည်။

ဘတ်စ်ကားပေါက်ကွဲမှုနှင့် ထိခိုက်သေဆုံးမှုများကြောင့် တရုတ်အစိုးရအနေဖြင့် ထိတ်လန့် တုန်လှုပ် ခဲ့ရသည့်အပြင် စိတ်တူကိုယ်တူဟာမိတ်နှစ်နိုင်ငံအကြား ရှုပ်ထွေးမှုများနှင့် ဖြစ်တောင့်ဖြစ်ခဲ အမြင်မတူမှုများ ဖြစ်ပေါ်စေခဲ့သည်။

ပါကစ္စတန်ပြန်ကြားရေးနှင့် အသံလွှင့်ဌာန ဝန်ကြီး အာမက်ချက်ဟာရီက ဒက်စုဆည်နှင့် ပတ်သက်သည့် အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သဲလွန်စများတွေ့ရသည်ဟု တွစ်တာတွင် ဇူလိုင်လ ၂၀ရက်က အတည်ပြုရေးသားခဲ့သည်။

“အကြမ်းဖက်မှုက မလွှမ်းမိုးနိုင်ပါဘူး။ ဝန်ကြီးချုပ်က တိုးတက်မှုအားလုံးကို ကိုယ်တိုင်ကြီးကြပ်နေပါသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အစိုးရက တရုတ်သံရုံးနှင့် နီးကပ်စွာ ညှိနှိုင်းလုပ်ကိုင်လျက်ရှိပြီး အကြမ်းဖက်မှု အန္တရာယ်ကို အတူတကွတိုက်ဖျက်ရန် ကျွန်ုပ်တို့ ကတိပြုထားပါသည်" ဟု သူက ရေးသားခဲ့သည်။

အဆိုပါ ပြဿနာဖြစ်ပွားပြီး နာရီပေါင်းများစွာ အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဓာတ်ငွေ့ယိုစိမ့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly