ကန်ဒါဟာ လေဆိပ်ကို ဓားစာခံများဖြင့် တာလီဘန်များ စီးနင်းထားဆဲဖြစ်၊ တိုက်ပွဲအတွင်း ၄၆ ဦးသေဆုံး

ကန်ဒါဟာ လေဆိပ်ကို ဓားစာခံများဖြင့် တာလီဘန်များ စီးနင်းထားဆဲဖြစ်၊ တိုက်ပွဲအတွင်း ၄၆ ဦးသေဆုံး

ကန်ဒါဟာ၊ ဒီဇင်ဘာ ၉ ။                ။ အာဖဂန်နစ္စတန်နိုင်ငံရှိ ကန်ဒါဟာမြို့လေဆိပ်ကို တာလီဘန်များ လာရောက်တိုက်ခိုက်၍ ဖြစ်ပွားနေဆဲတိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တာလီဘန် တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများ အနည်းဆုံး ၄၆ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ဒီဇင်ဘာ ၈ ရက်က စတင်သည့် ကန်ဒါဟာလေဆိပ်ဝင်းအတွင်းသို့ တာလီဘန်များ သဲသဲမဲမဲ စီးနင်းတိုက်ခိုက်မှုတွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများလည်း အနည်းနှင့်အများ ရှိနေသည်။

အဆိုပါ ကန်ဒါဟာလေဆိပ်ဝင်းအတွင်း၌ နေတိုးနှင့် အာဖဂန်တပ်ဖွဲ့များ၏ စစ်ရုံးချုပ်များကို အခြေစိုက်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

လေဆိပ်ဝင်း ပထမဂိတ်အား တာလီဘန်များတိုက်ခိုက်ရေးသမားများက ချိုးဖောက်လိုက်နိုင်ပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ပစ်ခတ်သံများအား ကြားနေရဆဲဖြစ်ကာ လေယာဉ်ပျံသန်းအားလုံးလည်း ပယ်ပျက်သွားပြီဖြစ်သည်။

နေတိုးနှင့် အာဖဂန်တပ်များ ခံစစ်အခိုင်အမာပြုထားသည့်နေရာကို တိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း တာလီဘန်များက ပြောသည်။

အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၇ ဦးအပြင် တာလီဘန် ကိုးဦး သေဆုံးသည်ဟု အာဖဂန်နစ္စတန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ နောက်ထပ် ဒဏ်ရာရသူ ၃၅ ဦးရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ဆေးရုံမှ အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးက အလောင်း ၄၁ လောင်း ဆေးရုံသို့ ရောက်ရှိကြောင်း ဘီဘီစီသို့ပြောခဲ့သည်။ တာလီဘန်များ ဓားစာခံလုပ်ထားသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်လေးများ ပါဝင်နေဖွယ် ရှိသည်။

ယခုနေရာဒေသကို တာလီဘန်များက လက်နက်များဖြင့် ဝင်စီးတိုက်ခိုက်လာခြင်းသည် အကြီးအကျယ် လုံခြုံရေး ယိုယွင်းမှုကြောင့် ဖြစ်ကြောင်း သတင်းထောက်များက ပြောကြသည်။

အာဖဂန်နစ္စတန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ANSF ၏ လုံခြုံရေးလောင်းရိပ်အောက် ရှိနေသည့် နယ်မြေအတွင်း တာလီဘန်များ လက်နက်များ သွင်းလာနိုင်ခြင်းကို ၎င်းတို့က ထောက်ပြကြသည်။

နိုင်ငံခြားတပ်ဖွဲ့ဝင်များနှင့် ကြေးစားစစ်သည်များအား ဇီဝန်ခြွေအပြုတ်တိုက်မည့် စစ်ရေးအတွက် အာဇာနည်ပီသသူများက မရိပ်မိအောင် လေဆိပ်ဝင်းအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ရကြောင်း တာလီဘန်များက ပြောသည်။

ရေဒီယိုလှိုင်းများအား ကြားဖြတ်နားထောင်မှုအရ တိုက်ခိုက်သူစစ်သွေးကြွများမှာ အိမ်နီးချင်းပါကစ္စတန်၌ အများစုသုံးနှုန်းပြောဆိုကြသည့် အူရဒူဘာသာစကား ပြောဆိုကြကြောင်း ကန်ဒါဟာတပ်မှူး ရှားရှက်က သတင်းထောက်များသို့ ပြောခဲ့သည်။ ပြည်တွင်း မငြိမ်မသက်မှုများအတွက် အာဖဂန်တာဝန်ရှိသူများသည် ပါကစ္စတန်နိုင်ငံအား မကြာခဏဆိုသလို အပြစ်ဆို လက်ညိုထိုးလျက်ရှိတတ်သည်။

အတည်မပြုနိုင်သော်လည်း တာလီဘန်များဖက်ကမူ စစ်သား ၈၀ အထက် သုတ်သင်ပစ်လိုက်ကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly