အစ္စရေး ပစ်လွှတ်တိုက်ခိုက်တဲ့ ဒုံးကျည်တွေကို ဆီးရီးယားက ကြားဖြတ်ပစ်ချ 

အစ္စရေး ပစ်လွှတ်တိုက်ခိုက်တဲ့ ဒုံးကျည်တွေကို ဆီးရီးယားက ကြားဖြတ်ပစ်ချ 
Photo - AFP

ဇူလိုင် ၂၂

အစ္စရေးနိုင်ငံဟာ အခု သီတင်းပတ်အတွင်း ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှုကို ကြာသပတေးနေ့ အစောပိုင်းက ဆင်နွှဲလာရာမှာ ဟွမ်းစ်ပြည်နယ်ဆီ ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်လာတာကို ဆီးရီးယားရဲ့ လေကြောင်းရန်ကာစနစ်က ကြားဖြတ်ပစ်ချခဲ့ရတယ်လို့ ဆီးရီးယားနိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။ 

ဒီ တိုက်ခိုက်မှုမှာ အသေအပျောက် မရှိဘဲ ထိခိုက်ပျက်စီးမှုအချို့သာ ရှိခဲ့တယ်လို့ စစ်သတင်းရင်းမြစ်တစ်ရပ်က ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနကို ပြောပါတယ်။ 

“နံနက် ၁ နာရီ ၁၃ မိနစ်မှာ အစ္စရေးရန်ဖက်တွေက ဟွမ်းစ်ပြည်နယ် ကူဆေးယားဒေသက တည်နေရာအချို့ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်”လို့ SANA သတင်းဌာနက သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြပါတယ်။ 

“ကျွန်တော်တို့ရဲ့ လေကြောင်းရန်ကာစနစ်ဟာ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ခဲ့တယ်၊ ဒုံးကျည်အများအပြားကို ကြားဖြတ်ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်”ဆိုပြီး စစ်သတင်းရင်းမြစ်က ပြောပါတယ်။ 

အစ္စရေး ဒုံးကျည်တွေဟာ လက်ဘနွန်၊ ဟဇ်ဘိုလာအုပ်စုရဲ့ စစ်ရေးတည်နေရာတွေကို ပစ်မှတ်ထားတာဖြစ်ပြီး လက်နက်သိုက်တွေကို  ဖျက်ဆီးပစ်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ပြောပါတယ်။ 

လက်ဘနွန်နယ်စပ်နားက အမာခံနယ်မြေ ကူဆေးယားမြို့ဟာ ဟဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေ ဦးဆောင်ပြီး ၁၇ ရက်ကြာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအပြီး ၂၀၁၃ မှာ ဆီးရီးယားစစ်တပ်က ပြန်လည်လက်ရသိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီ မြို့ဟာ မြို့တော် ဒမတ်စကပ်ကနေ ကမ်းရိုးတန်းကို ပေါက်တာကြောင့် အစိုးရအတွက် မဟာဗျူဟာအချက်အခြာ ကျရာလည်း ဖြစ်ပါတယ်။ 

အမာခံနယ်မြေကို လက်ရသိမ်းပိုက်နိုင်တာဟာ သမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ ဟဇ်ဘိုလာတွေအတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ 

အခု ကြာသပတေးနေ့ လေကြောင်းတိုက်ခိုက်မှုဟာ ဒီ တစ်ပတ်တည်းမှာ ဒုတိယမြောက် တိုက်ခိုက်မှုဖြစ်ပြီး တနင်္လာနေ့တုန်းကလည်း အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆီးရီးယားအစိုးရရဲ့ မဟာမိတ် အီရန်ထောက်ခံတဲ့ တိုက်ခိုက်ရေးသမား ငါးဦး သေဆုံးခဲ့ရသလို အဲဒီ တိုက်ခိုက်ရေးသမားအုပ်စုရဲ့ အလီပိုမြို့က အခြေစိုက်စခန်းတစ်ခုနဲ့ လက်နက်ဂိုထောင်တစ်ခု ပျက်စီးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ 

၂၀၁၁ မှာ ဆီးရီးယား ပြည်တွင်းစစ် စဖြစ်ချိန်ကစလို့ အစ္စရေးဟာ ဆီးရီးယားနိုင်ငံထဲ ပုံမှန် စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အများစုက အစိုးရ တည်နေရာတွေအပြင် မဟာမိတ် အီရန်နဲ့ လက်ဘနွန် ဟဇ်ဘိုလာတပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်တာတွေ ဆင်နွှဲတာကို အစ္စရေးဟာ တော်ရုံ အတည်ပြုထုတ်ပြန်တာမျိုး မရှိပေမယ့် စစ်ပွဲဒဏ်သင့် ဆီးရီးယားနိုင်ငံတွင်းက ပစ်မှတ် ၅၀ နီးပါးကို ပြီးခဲ့တဲ့နှစ်အတွင်းမှာ တိုက်ခိုက်ခဲ့ကြောင်း အသေးစိတ်မဆိုဘဲ အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ 

ရန်ဖက်နိုင်ငံ အီရန်အနေနဲ့ အစ္စရေး နယ်စပ်အနီးမှာ အမြဲတမ်း စစ်ခြေကုပ် ရယူထားမှာကို တားဆီးကာကွယ်ဖို့ ကြိုးစားနေတာပဲ ဖြစ်တယ်ဆိုပြီးလည်း အစ္စရေးက ပြောထားတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly