Covaxin နှင့် Covishield ကာကွယ်ဆေးတို့က ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲအပေါ် ထိရောက်မှုရှိဟု လေ့လာချက်တွင် တွေ့ရှိ

Covaxin နှင့် Covishield ကာကွယ်ဆေးတို့က ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲအပေါ် ထိရောက်မှုရှိဟု လေ့လာချက်တွင် တွေ့ရှိ

ဇူလိုင် ၂၂

အပြည့်အ၀ ကာကွယ်‌ဆေးထိုးနှံပြီးနောက် ဗိုင်းရပ်စ်ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိ၍ ဆေးရုံတက်ရသည့် လူနာများတွင် Covishield နှင့် Covaxin  ကာကွယ်ဆေးများက ဒယ်လ်တာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုပိုင်း ကာကွယ်တားဆီးရာတွင် ထိရောက်မှုရှိကြောင်း အိန္ဒိယရှိ ကလာပ်စည်းနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ (CCMB) ဆိုင်ရာ CSIR-Centre မှ သိပ္ပံပညာရှင်များနှင့် AIG ဆေးရုံများမှ ဆရာဝန်များ လုပ်ဆောင်ခဲ့သော ပူးတွဲလေ့လာချက်တစ်ရပ်အရ သိရသည်။

SARS-Cov-2 ၏ ဒယ်လ်တာ မျိုးကွဲကြောင့် ဆေးရုံတက်ခဲ့ရသည့် ကာကွယ်ဆေးထိုးထားပြီးသား လူပုဂ္ဂိုလ်များတွင် စမ်းသပ်တွေ့ရှိသော လက်တွေ့စမ်းသပ်ချက် ရလဒ်များကို ကျန်းမာရေးသိပ္ပံဆိုင်ရာ preprint server ဖြစ်သည့် MedRxiv တွင် ဖော်ပြထားခဲ့သည်။ ကူးစက်နိုင်မှု ပိုမိုမြင့်မားပြီး ခန္ဓာကိုယ်တွင်း ခုခံအားကို ကျော်လွှားနိုင်သည့် SARS-Cov-2 ၏ ပေါ်ထွက်စ မျိုးကွဲများက ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်မှုများ၏ ကြီးမားသော ရောဂါကူးစက်ဖြစ်ပွားမှုများကို ဖြစ်ပေါ်ထားစေခဲ့ကြောင်း ယင်းလေ့လာချက်က ဖော်ပြထားသည်။

လက်ရှိကာလတွင် အသုံးပြုနေသည့် ကာကွယ်ဆေးအများစုသည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ကနဦး အစောပိုင်းတွင် ပျံ့နှံ့ခဲ့သည့် ဗိုင်းရပ်စ်မျိုးစိတ်များကို ကာကွယ်တားဆီးနိုင်ရေး အခြေပြုပြီး ထုတ်လုပ်ထားခဲ့ခြင်း ဖြစ်ရာ ယခုကဲ့သို့ နောက်ပိုင်းကျမှ ပေါ်လာသော ဗိုင်းရပ်စ်မျိုးကွဲများအပေါ် ကာကွယ်ဆေးများ၏ ထိရောက်နိုင်မှုကို အကဲဖြတ်လေ့လာရန် အလွန်အရေးကြီးလာခဲ့သည်။ ဆေးရုံ အခြေပြုပြီး စိတ်တူကိုယ်တူ ပညာရှင်အစုအဖွဲ့တစ်ခု လုပ်ဆောင်ခဲ့သည့် ဤ လေ့လာချက်တွင် Covishield ကာကွယ်ဆေးထိုးထားပြီး ဆေးရုံတက်နေခဲ့ရသည့် လူနာ ၁,၁၆၁ ဦး ၊ Covaxin ထိုးထားသည့် လူနာ ၄၉၅ ဦး နှင့် ကာကွယ်ဆေးမထိုးထားသည့် လူ ၆၆၆ ဦး တို့၏ လက်တွေ့လေ့လာချက်များနှင့် ရလဒ်များကို ဧပြီ ၂၄ ရက်နှင့် မေ ၃၁ ရက်အကြား စုံစမ်းစစ်ဆေးခဲ့ကြသည်။

ဗိုင်းရပ်စ် မျိုးဗီဇခွဲခြမ်းစိတ်ဖြာမှုများအရ အုပ်စု နှစ်စုစလုံးရှိ လူနာ ၉၀ ရာခိုင်နှုန်းသည် ဒယ်လ်တာ မျိုးကွဲ ကူးစက်ခံထားရကြောင်းကို ဖော်ထုတ်သိရှိခဲ့ပြီး ယင်းတို့ထဲတွင် ကာကွယ်ဆေးထိုးထားသည့် လူပုဂ္ဂိုလ်များက ကာကွယ်ဆေးမထိုးထားသည့် အုပ်စုနှင့် ယှဉ်ပါက ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သည့် ပဋိပစ္စည်း ပိုမိုမြင့်မားနေသည်ကို ပြသနေခဲ့ကြောင်း သိရသည်။ ထို့ပြင် ကာကွယ်ဆေးထိုးထားပြီးသား  လူအုပ်စုသည် အသက်အရွယ် ကြီးနေမှု၊ အန္တရာယ် အကြောင်းခံများ မြင့်မားနေသည့် အချက် ရှိနေသော်ငြားလည်း အဆိုပါ ကာကွယ်ဆေးထိုးထားသည့် လူအုပ်စုတွင် ‌ရောဂါပြင်းထန်မှုနှင့် အသက်ရှုစက်အကူအညီ လိုအပ်မှုပိုင်း သိသိသာသာ လျော့နည်းကြောင်း သိရသည်။

အလားတူ ယခုလေ့လာချက်အရ ကာကွယ်ဆေးတစ်မျိုးကို ထိုးရမည့်အကြိမ်ရေ အပြည့်အဝထိုးပြီးနောက် အနည်းဆုံး ၁၄ ရက်အတွင်း ဗိုင်းရပ်စ်ပိုး ရှိနေကြောင်း စစ်ဆေးတွေ့ရှိသည့် လူပုဂ္ဂိုလ်များထဲတွင် အသက်သေဆုံးမှုနှုန်း ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းကြောင်း သိရသည်။

သို့သော် ကာကွယ်ဆေးကို တစ်ကြိမ်သာ ထိုးထားသည့် လူပုဂ္ဂိုလ်များနှင့် ကာကွယ်ဆေးလုံးဝမထိုးထားသည့် လူအုပ်စုများအကြား သေဆုံးမှုနှုန်းမှာ အတူတူပင်ဖြစ်ကြောင်း ‌လေ့လာချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly