ဘာလီကျွန်း တောနက်ထဲက တစ္ဆေနန်းတော်ဟိုတယ်

ဘာလီကျွန်း တောနက်ထဲက တစ္ဆေနန်းတော်ဟိုတယ်

ဘာလီ၊ ဒီဇင်ဘာ-၈ ။            ။ ခရီးသွားဝါသနာအိုး ဂျက်ကော့ လာကိုင်တစ်ဆိုသူက ဘာလီတောအုပ်အလယ်တွင် စွန့်ပစ်ထားသည့် ဟိုတယ်တစ်ခုကို တွေ့ရှိခဲ့သည်။

ဟိုတယ်ဝင်းအတွင်း နာရီပေါင်းများစွာကြာအောင် စူးစမ်းလေ့လာပြီးနောက် သူ၏ ဆန်းကြယ်သော တွေ့ရှိမှုကို ကမ္ဘာကြီးနှင့် မျှဝေရန် ဗွီဒီယိုရိုက်ထားဖို့ ဆုံးဖြတ်လိုက်သည်။

ဗွီဒီယိုထဲတွင် ရေချိုးခန်းတွဲလျှက် အပြည့်အစုံနှင့် ဟိုတယ်ခန်းများမှာ အိုမင်း ဆွေးမြေ့နေပြီဖြစ်ပြီး ဝင်ပေါက်တစ်ပေါက်တွင်မူ ထူးဆန်းထိတ်လန့်ဖွယ်ရာ ညှပ်ဖိနပ်တစ်ရံ ရှိနေသည်။

အပြင်ဘက်ကွက်လပ်ထဲတွင်မူ မြက်ခြုံများ ဖုံးလွှမ်းနေပြီး ပုံမှန်ထက်ကြီးမားသည့် ရုပ်တုကြီးများမှာလည်း ပျက်စီးပြိုကျနေသည်။

၁၉၉၀ခုနှစ်များက တည်ဆောက်စဉ်ကမူ ကျွန်းသို့ လာရောက်လည်ပတ်သည့် လူချမ်းသာဧည့်သည် များအတွက် ရည်ရွယ်၍ ခမ်းခမ်းနားနား တည်ဆောက်ခဲ့ပုံရသည်။

အချို့က ဟိုတယ်မှာ လုပ်ငန်းမစမီကပင် ဒေဝါလီခံသွားသည်ဟု ပြောကြပြီး ဈေးချ၍ ကျွန်းပေါ်ရှိ အခြားဟိုတယ်များကို ယှဉ်ပြိုင်နိုင်ရန်ကြိုးစားခဲ့သည့် မသမာသော ဟိုတယ်ဆောက်သူက ကျိန်စာတိုက်ခဲ့သည်ဟု ယုံကြည်နေကြသည်။

အခြားလူအတော်များများကလည်း ဟိုတယ်ဆောက်လုပ်နေစဉ်အတွင်း အန္တရာယ်မကင်းသည့် လုပ်ငန်းခွင်တွင် အဓမ္မခိုင်းစေခံရသော အလုပ်သမားများ၏ ဝိဉာဉ်များက ခြောက်လှန့်နေသည်ဟုလည်း အယုံအကြည်ရှိကြသည်။

ဂျက်ကော့က ၎င်း၏ ဗွီဒီယိုကို ဒီဇင်ဘာ ၁ ရက်နေ့တွင် YouTube တွင် လွှင့်တင်ခဲ့ရာ ကြည့်ရှုသူ ၁၂၈၀၀ကျော်အထိ ရှိခဲ့သည်။

ဗွီဒီယိုနှင့်အတူ ဘာလီကျွန်းထဲမှာ စွန့်ပစ်ထားတဲ့ ဟိုတယ်ကြီးတစ်ခုကို တွေ့ခဲ့ပြီး နာရီပေါင်းများစွာကြာအောင် လေ့လာခဲ့တယ်ဟု ပုံစာထိုးထားသည်။ ဒေသခံများကမူ ထိုနန်းတော်ကို တစ္ဆေနန်းတော် ဟိုတယ်ဟု ခေါ်ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly