အာဏာသိမ်းမှုနောက်ပိုင်း Myanmar Metals က ဘော်တွင်းပရောဂျက်ကို ‌ရောင်းချရန် စီစဉ်

အာဏာသိမ်းမှုနောက်ပိုင်း Myanmar Metals က ဘော်တွင်းပရောဂျက်ကို ‌ရောင်းချရန် စီစဉ်

ဇူလိုင် ၂၁

သြစတြေးလျ အခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Metals က ယင်းအနေဖြင့် မြန်မာနိုင်ငံ ဘော်တွင်းဒေသ ခဲ၊ ငွေ နှင့် သွပ် ထုတ်ယူရေး ပရောဂျက်တစ်ခုရှိ ယင်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချရန် စီစဉ်နေကြောင်း ဇူလိုင် ၂၁ ရက်က ပြောသည်။ ယခုနှစ်အစောပိုင်း လူမှုဆိုင်ရာ မငြိမ်မသက်မှုများဖြစ်စေခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကန်ဒေါ်လာ သန်း ၃၀၀ ပရောဂျက်အတွက် ငွေကြေးမတည်မှု ရယူနိုင်‌ရေး အခက်အခဲများကြောင့် ယခုကဲ့သို့ ရောင်းချရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ယင်းက ပြောသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်းကိုင်ငန်းများ ပြိုလဲထားခဲ့ကာ စစ်အာဏာသိမ်းမှုက ဆန္ဒပြပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်စေခဲ့သည်။ အကြမ်းဖက်မှုများကြောင့်လည်း လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ကြရပြီး အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။
“မဝေးလှတဲ့ ရှေ့ကာလမှာ ပရောဂျက်အတွက် ငွေကြေးထောက်ပံ့မှု ရယူမှုက အင်မတန် ခက်ခဲနိုင်ပြီး လက်တွေ့ဖြစ်ဖို့ ဖြစ်နိုင်ခြေ မရှိဘူးလို့ ဘုတ်အဖွဲ့က ယူဆခဲ့ပါတယ်” ဟု သြစတြေးလျအခြေစိုက် Myanmar Metals က ပြောသည်။

ယခု ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်ရှိ အဆိုပါ ပရောဂျက်ကို ငွေကြေးထောက်ပံ့မတည်ရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ခဲ့သူအားလုံးကလည်း ပြန်လည်ရုပ်သိမ်းတပ်ခေါက်သွားခဲ့ပြီဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။ ယင်းအနေဖြင့် အကယ်၍ ဘော်တွင်း ပရောဂျက်တွင် ဆက်လက်ပါဝင်ပတ်သက် လုပ်ကိုင်နေမည်ဆိုလျင် တစ်နှစ်သာသာအတွင်း ယင်း၏ အရန်အစောင်ထားသည့် ငွေသား ဒေါ်လာ ၈ ဒသမ ၃၇ သန်း (သြစတြေးလျ ဒေါ်လာ ၁၁ ဒသမ ၄ သန်း) စလုံးနီးပါး ဆုံးရှုံးရလိမ့်မည်ဟု ယင်းကုမ္ပဏီက ပြောသည်။

ရှေ့ဆက်သွားရန် အကောင်းဆုံးလမ်းကြောင်းက ပရောဂျက်ရှိ ယင်း၏ ရှယ်ယာကို ရောင်းချရန် သို့မဟုတ် ကုမ္ပဏီတစ်ခုလုံးကို ရောင်းချရန် ဖြစ်ကြောင်း Myanmar Metals က ပြောသည်။ ယင်းသည် ယခုအခါ ရောင်းချမှုအတွက် နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းများကို စတင်လေ့လာကြည့်ရှုနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားကုမ္ပဏီများသည် ယင်း၏ လုပ်ငန်းများကို အချိုးကျ ချုံ့ခြင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုများကို ဖျက်သိမ်းခြင်းတို့ လုပ်နေကြပြီး စစ်တပ်နှင့် ဆက်စပ်လုပ်ငန်းများနှင့် ပတ်သက်မှု ရှိသည့် လုပ်ငန်းများသည်လည်း ယင်းတို့နှင့် အဆက်အသွယ်ဖြတ်ရန် တိုက်တွန်းခံနေရသည်။

ယခုလ အစောပိုင်းကလည်း နော်ဝေ တယ်လီကွန်း ကုမ္ပဏီ တယ်လီနောက ယင်း၏ မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု လက်အောက် လည်ပတ်လုပ်ကိုင်ရခြင်း၏ အခက်အခဲများကို အပြစ်တင်ခဲ့သည်။

တရုတ် အခြေစိုက် Yintai Gold Co က ပြီးခဲ့သည့်လတွင် Myanmar Metals ကို သြစတြေးလျဒေါ်လာ ၆၆ ဒသမ ၅ သန်းဖြင့် လွှဲပြောင်းဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly