ကလေးမြို့တောင်ပိုင်းက ပြင်းထန်တဲ့ ၃ ရက်တာ တိုက်ပွဲ

ကလေးမြို့တောင်ပိုင်းက ပြင်းထန်တဲ့ ၃ ရက်တာ တိုက်ပွဲ

ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ သုံးရက်ကြာ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုများပြားခဲ့သည်။ 

ကလေးမြို့တောင်ပိုင်းကျေးရွာများဖြစ်သည့် တင်သား၊ အရှေ့စည်း၊ ဒိုးနွယ်ကျေးရွာများသို့ ခြေလျင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်အား မိုင်းခြောက်လုံးဖောက်ခွဲခဲ့ခြင်းဖြင့် ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းတိုက်ပွဲစတင်ခဲ့သည်။ 

“သူတို့က စစ်ကြောင်းနှစ်ခုခွဲပြီးလာတာ၊ တပ်သားဘက်ကိုက ၇၀ လောက်၊ အရှေ့စည်းဘက်ကိုက ၃၀ လောက်၊ ကျွန်တော်တို့က အရှေ့စည်းဘက်က စစ်ကြောင်းကို ထိုးစစ်ဆင်တယ် ကြိုးဆွဲမိုင်းခြောက်လုံးလောက် ထောင်ထားတာ သူတို့လာတဲ့လမ်းကြောင်းမှာ အဲ့မှာ သုံးလုံးကွဲတယ်၊ သူတို့ဘက်က ၁၀ ယောက်ကျော်လောက်ကျတာတွေ့ရတယ်၊ ကျွန်တော်တို့လူတွေက မိုင်းခွဲတဲ့နေရာ ဝန်းကျင်ကပဲစောင့်ကြည့်ပြီးတိုက်တာဆိုတော့ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်၊ အဲ့ဒီမှာတိုက်ပွဲစပြီး အပြန်အလှန်ပစ်ခတ်ကြတာ” ဟု မြေပြင်တိုက်ပွဲထဲက ရိန်းဂျားကလေးကာကွယ်ရေးတပ်သားတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ထို့နောက် တင်သားဘက်မှ စစ်ကြောင်းသည် မိုင်းကွဲရာ အရှေ့စည်းဘက်သို့ရောက်လာကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက်အပျက်ပစ်ခတ်ကြသည်။ ညပိုင်း ၇ နာရီထိ တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား အသက်၂၀ ကျော်အရွယ် ကိုမိုးဒီ  ကျဆုံးခဲ့သည်။ 

ဇူလိုင်လ ၁၇ ရက်နေ့တွင်မူ တိုက်ပွဲဖြစ်ပွားရာနှင့် ၄ ဖာလုံခန့်ဝေးသည့် ဒိုးနွယ်ကျေးရွာထဲသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲတော့သည်။ တိုက်ပွဲများ ဖြစ်ပွားချိန်ထွက်ပြေးတိန်းရှောင်ရင်း ဒိုးနွယ်ရွာတွင် ကျန်နေခဲ့သူ ရွာသား သုံးဦးနှင့် ရွာမြောက်ဘက် သစ်စက်မှ အလုပ်သမားနှစ်ဦးအား စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့ကြသည်။ ထိုနေ့တွင်လည်း အပြန်အလှန်ပစ်ခတ်မှုများ တစ်နေကုန်ဖြစ်ပွားခဲ့သည်။

သေဆုံးသူများမှာ အသက် ၄၀ အရွယ် ဦးကျော်အောင်၊ ၂၀ အရွယ်လူငယ်တစ်ဦး(အမည်မသိရ) ၊ အသက် ၁၅ နှစ်အရွယ် မောင်သာဖ၊ အသက် ၂၇ နှစ်အရွယ် မောင်မောင်အေး ၊ အသက် ၄၀ အရွယ် ဦးဌေးလွင်တို့ဖြစ်သည်။  

“အချို့က ရွာမှာပဲမပြေးပဲကျန်ခဲ့တာ၊ သူတို့ကိုပြန်တိုက်တဲ့သူလဲမဟုတ်ဘူး၊ ဒါကိုသတ်သွားကြတာ၊ အိမ်တွေကိုလဲဝင်မွှေထားတာ ရစရာမရှိဘူး၊ တန်ဖိုးရှိတာအကုန်ယူကြတာ၊ နွားတွေ၊ ဝက်တွေလဲသတ်စားထားကြတာရော၊ ဒီတိုင်းသတ်ထားတွေရော” ဟု ဒိုးနွယ်ရွာသားတစ်ဦးက သူမြင်တွေ့ရသည်များကို ပုံနဲ့တကွ သတင်းပို့ပြောကြားလာသည်။ 

ဇူလိုင်လ ၁၈ ရက်နေ့တွင်မူ မနက်ပိုင်းတပ်စွဲရာဒိုးနွယ်ရွာထဲမှ စစ်ကောင်စီတပ်သားများသည် နီးစပ်ရာတောများထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကာ ဒေသခံကာကွယ်ရေးတပ်များ နေ့လည်ပိုင်းတွင် တပ်ဆုတ်ခဲ့ရကြောင်းသိရသည်။ 

“သူတို့က လက်နက်ကြီးနဲ့ပဲပစ်တာ၊ သုံးရက်ကို အလုံးပေါင်း တစ်ရာလောက်ရှိမယ်၊ တိုက်ပွဲအချိန်ကြာလာတော့ ကျွန်တော်တို့ ကျည်တွေသိပ်မလောက်တော့တာရယ်၊ သူတို့က ရွာထဲကို တပ်စွဲတာဆိုတော့ ရွာထဲမှာ အထိအခိုက်များမှာဆိုးလို့ပြန်ဆုတ်လိုက်တယ်” ဟု RKDF တပ်သားကဆိုသည်။ 

“ကျွန်တော်တို့မှာလူအင်အားရှိတယ်၊ အဓိကကတော့ ဦးဆောင်မှုပေးနိုင်မယ့် နည်းဗျူဟာခေါင်းဆောင်နဲ့ စစ်လက်နက်ပေါ့ဗျာ၊ ဒါတွေသာရလာရင် ဒီကောင်တွေမကြာပါဘူး၊ အမြစ်ဖြုတ်နိုင်တယ်၊ ခုလဲရှိတာနဲ့ ရသလို တိုက်ထုတ်သွားမယ်” ဟု အဆိုပါတပ်သားက ထပ်မံပြောဆိုသည်။

တိုက်ပွဲဖြစ်ပွါးခဲ့ရာ အဆိုပါကျေးရွာများမှ အချို့ရွာသားများသည် ယခုအချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required