တရုတ်အလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာပြီး ရေလွှမ်းမိုးမှုဖြစ်လို့ လူ ၁၂ ဦး သေဆုံး

တရုတ်အလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာပြီး ရေလွှမ်းမိုးမှုဖြစ်လို့ လူ ၁၂ ဦး သေဆုံး
Photo - AFP

ဇူလိုင် ၂၁

တရုတ်နိုင်ငံအလယ်ပိုင်း ကျန်ကျိုးမြို့မှာ မိုးသည်းကြီးမည်းကြီး ရွာပြီး ရေလွှမ်းမိုးမှုတွေဖြစ်ကာ မြေအောက်ရထားဘူတာရုံတွေထဲ ရေကြီးခဲ့ပြီးနောက် လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ် ရောက်လာတဲ့ ရုပ်ပုံတွေအရ ရထားတွဲတစ်တွဲရဲ့ အတွင်းပိုင်းမှာ လည်ပင်းလောက် အမြင့်ရှိတဲ့ ရေတွေထဲ ခရီးသည်တွေ ခက်ခက်ခဲခဲ သွားနေရတာတွေကို ထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။

ဟဲနန်ပြည်နယ်မှာ ရှိပြီး လူ ၁၀ သန်းကျော် နေထိုင်တဲ့ အဆိုပါ ကျန်ကျိုးမြို့မှာ ကြုံတောင့်ကြုံခဲ ကြီးမားတဲ့ မိုးသက်မုန်တိုင်းတွေ ကြုံတွေ့ထားခဲ့ပြီး ကျန်ကျိုး မြေအောက်မီးရထားလမ်းစနစ်ထဲ ရေကြီးမှု ဖြစ်ခဲ့ကြောင်း မြို့ရဲ့ တာဝန်ရှိသူတွေက ‌Weibo ပို့စ်တစ်ခုမှာ ပြောခဲ့ပါတယ်။

ယခုလို ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၂ ဦး သေပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

ဟဲနန်ပြည်နယ်မှာ စံချိန်တင် ရေကြီးရေလျှံမှုတွေ ဖြစ်နေလို့ အာဏာပိုင်တွေက အဆိုပါ ပြည်နယ်အတွက် အမြင့်ဆုံး သတိပေးချက် လယ်ဗယ် ထုတ်ပြန်ထားပါတယ်။

တရုတ်မှာ ရာသီအလိုက် ရေလွှမ်းမိုးမှုတွေက ဖြစ်နေကျလို့ ဆိုပေမယ့် ရာသီဥတု ပြောင်းလဲမှုက ပြင်းထန်လွန်ကဲတဲ့ ရာသီဥတုပုံစံတွေကို ဖြစ်ပေါ်စေလျက် ရှိကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ကျန်ကျိုးမြို့ရဲ့ လမ်းတွေပေါ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေချိန် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ ရုပ်ပုံတွေလည်း တရုတ် ဆိုရှယ်မီဒီယာပေါ် ရောက်ရှိနေခဲ့ပါတယ်။

ယခု ဖြစ်ပေါ်နေတဲ့ တရုတ်နိုင်ငံတွင်း ရေကြီးမှုဟာ အင်မတန် ပြင်းထန်ကြီးမားတယ်လို့လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ နိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ကြုံတွေ့ထားပြီးနောက် ဆည်တစ်ခု အချိန်မရွေး ကျိုးကျသွားနိုင်မယ့်အရေးနဲ့ပတ်သက်လို့လည်း တရုတ်စစ်တပ်က သတိပေးချက် ထုတ်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly