အကြမ်းဖက်စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းမမိတဲ့အတွက် ၈တန်းကျောင်းသူအပါအဝင် သားနဲ့ဇနီးကို ဖမ်းဆီး

By နွေဦးအောင်
21 July 2021
အကြမ်းဖက်စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းမမိတဲ့အတွက် ၈တန်းကျောင်းသူအပါအဝင် သားနဲ့ဇနီးကို ဖမ်းဆီး
Photo - AFP

ဇူလိုင်-၂၁

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေက ဇူလိုင် ၂၀ရက်၊မနက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဦးကျော်စိုးနိုင်ကို လာရောက်ရှာဖွေ ဖမ်းဆီးရာမှာ မတွေ့တဲ့အတွက် ဇနီး၊သားနဲ့သမီးပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။

ဦးကျော်စိုးနိုင်ဟာ ၅၀၅(က)နဲ့ဖမ်းဝရမ်းအထုတ်ခံထားရသူဖြစ်ပြီး ဒီနေ့မှာ သူတို့မိသားစုတွေ တိမ်းရှောင်နေတဲ့ မြစ်သားမြို့နယ်၊ရွှေကြာအင်းကျောင်းတိုက်ကိုအကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က အင်အား အလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေဖမ်းဆီးရာမှာတော့ ဦးကျော်စိုးနိုင်ကို မတွေ့တဲ့အတွက် ဇနီးဖြစ်သူ ဒေါ်စုစုဌေး၊သားဖြစ်သူ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ကိုကောင်းမြတ်နိုင်နဲ့ ၈တန်းကျောင်းသူ မမေထူးနိုင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာလည်းဖြစ်ပါတယ်။

"အခုက တိမ်းရှောင်နေရင်း တစ်စုံတစ်ယောက်က ဒလန်လုပ် တိုင်ကြားလို့ မိသွားတာပါ။"လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်

ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ဦးကလည်း"မတရားလည်း အာဏာလုယူတယ်။ ပြည်သူတင်မြှောက်တဲ့ အမတ်တယောက်ကို ဖမ်းမမိတာနဲ့ပဲ မိသားစု ဖမ်းတယ်ဆိုကတည်းက ဒီနိုင်ငံမှာ ဥပဒေမရှိတော့ဘူး။ ဥပဒေအထက်မှာ စစ်ကောင်စီရှိနေတယ်ဆိုတဲ့သဘောပဲ။ဒါဟာ မတရားမှုဖြစ်တဲ့အတွက်ကြောင့် အမြန်ဆုံးပြန်လွတ်ပေးပါလို့ တောင်းဆိုလိုတယ်။သူတို့မှာ ဘာအပြစ်မှ မရှိဘူး။ပြည်သူတင်မြောက်လို့ အမတ်အဖြစ်ရွေးချယ်ခံတာနဲ့ ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတယ် လွှတ်တော်အမတ် မမိလို့ သူသားသမီးဖမ်းတယ်ဆိုတာ အဓိပ္ပါယ်ကိုမရှိဘူး။"လို့ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၂၁ရက်နေ့အထိ ဖမ်းဆီးခံထားရသူတွေနဲ့ အဆက်အသွယ်မရရှိသေးတဲ့အတွက် မိသားစုဝင်တွေအနေနဲ့လည်း စိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။

အလားတူဖြစ်ရပ်မျိုး မိုးကုတ်မြို့မှာလည်း ပြီးခဲ့တဲ့လပိုင်းက ဖြစ်ပွားခဲ့ပါသေးတယ်။မိုးကုတ် သပိတ်ခေါင်းဆောင် ဦးစိုးဌေးကို မတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly