နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ ဇူလိုင် ၂၀၂၁)
ပုံ - " ပြာပုံထဲကဖီးနစ်ငှက်များ" ဆိုသည့် မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် ကစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း

 ရန်ကုန်တိုင်းဒေသကြီး

·       စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်းသည် ကိုဗစ်ရောဂါကူးစက်ခံရပြီး ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရသည်။

·       အင်းစိန်ထောင်တွင်  ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်ရောဂါကြောင့် ကွယ်လွန်မှုနှင့်ပက်သက်၍ စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း  NLD ကထုတ်ပြန်လိုက်သည်။

·       ရန်ကုန်၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ တော်လှန်လူငယ်များသည် လှိုင်မြို့နယ် ဈေးတစ်ခုအတွင်း ဇူလိုင်လ ၂၀ ရက် ယနေ့နံနက်တွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

·       ရန်ကုန်တွင် နေ့စဉ် သေဆုံးသူ အရေအတွက် ၁၂၀၀ ကျော်ရှိလာပြီး စည်ပင်က ၂၄ နာရီပတ်လုံး ဝန်ထမ်းများကို အဆိုင်း ၃ ဆိုင်းခွဲကာ သဂြိုလ်ပေးနေရကြောင်း စစ်တပ်ပိုင် မြ၀တီသတင်းဌာနမှ သတင်းဖော်ပြသည်။

မန္တလေးတိုင်းဒေသကြီး

·       အကြမ်းဖက် စစ်ကောင်စီ၏ ရိုက်နှက် ဖမ်းဆီးခံခဲ့ရသည့် နာမည်ကြီး ခွဲစိပ်အထူးကု ဆရာဝန် ဒေါက်တာ သက်ဌေးကို ပြန်လွတ်ပေးရန် မန္တလေး ကျန်းမာရေး မိသားစုက တောင်းဆိုလိုက်သည်။

·       မန္တလေးဆေးတက္ကသိုလ်မှ ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီတပ်များက ဇူလိုင်လ ၁၃ ရက်နေ့တွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း မန္တလေး ကျန်းမာရေးအသိုင်းအ၀ိုင်းက တရားဝင် သတင်းထုတ်ပြန်သည်။

·       မန္တလေးတွင် သံဃသမဂ္ဂဆရာတော်များ ဦးဆောင်ကာ နေ့စဉ်ပြုလုပ်ကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မ ပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တာသုတ် မောရသုတ်ပရိတ်တော်များကို  ဇူလိုင် ၁၉ရက် (အာဇာနည်နေ့)တွင် ဆရာတော်များက ရွတ်ပွားချီးမြှင့် ပေးခဲ့ပြီး ညသပိတ်ပြုလုပ်ခဲ့သည်။

·       မန္တလေး သံဃသမဂ္ဂဆရာတော်များဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ဝရက်နေ့က ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·       မန္တလေးတွင် ကိုဗစ် ရောဂါကူးစက်မှု အခြေအနေကြောင့် လက်လုပ်လက်စား ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး တက်ကြွလှုပ်ရှားနေသည့် ကျောက်မျက် သပိတ်စစ်ကြောင်းဦးဆောင်ကာ ကိုယ်ထူ ကိုယ်ထ လူငယ်များ ပရဟိတတို့ ပူပေါင်းပြီး အခြေခံလူတန်းစားများရှိရာ ရပ်ကွက်များတွင် အစား အသောက် ပစ္စည်းများနှင့် ရေသန့်များ လိုက်လံ ဝေငှပေးခဲ့ကြောင်း သိရသည်။

·       မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် နိုင်လွန်ကတ္တရာစက်ရုံ ဇူလိုင်လ ၂၀ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲသံနှင့်အတူ Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

·       မန္တလေးတွင် ယနေ့ ဇူလိုင် ၂ဝရက်နေ့က သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ အကြမ်းဖက်စစ်ကောင်စီ ဖြုတ်ချရေး ၁၆၂ ရက်မြောက်နေ့ အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် ဇူလိုင်လ ၂၀ ရက် ညနေပိုင်း၌ ပြုလုပ်သည့် ပြာပုံထဲမှ ဖီးနစ်ငှက်များ သပိတ်စစ်ကြောင်းအား စစ်ကောင်စီမှ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံခဲ့ရကာ လူငယ် ၂ ဦး ကျည်ဆံထိမှန်ဒဏ်ရာရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       စစ်ကိုင်းတိုင်း ကလေးမြို့တွင် လှေခွက်ချည်းကျန် အလံမလဲ လူထုသပိတ်စစ်ကြောင်းသည် ဇူလိုင်လ ၂၀ ရက် နံနက်တွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

·       စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခက်တောင်တွင် ဇူလိုင်လ ၁၈ ရက်နေ့ က ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးပြီး ၁၀ဦး အထက်ဒဏ်ရာရရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

·       မကွေးတိုင်းဒေသကြီး မြိုင်နယ်တောင်ပိုင်းတွင်  ဇူလိုင်လ ၁၉ရက် (အာဇာနည်နေ့) က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ပြည်သူများဦးဆောင်ကာ ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထု ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၀ရက် နံနက်တွင် အရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြွေးကြော်ဆန္ဒပြကြသည်။

·       မကွေးတိုင်း ၊ နတ်မောက်မြို့နယ်တွင် စစ်အာဏာရှင်ဖြုတ်ချရေး အရုဏ်ဦးသပိတ်ကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် ပြည်သူများ က တက်ကြွစွာ ချီတက် သပိတ်မှောက်ကြသည်။

·       ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်တွင် မြိုင်၊ ပုလဲ၊ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲ ၃ကြိမ်ခန့် ဖြစ်ပွားပြီး စစ်ကောင်စီမှ ၁၄ ဦးခန့် သေဆုံးခဲ့သည်ဟု မြိုင် PDF မှ သတင်းထုတ်ပြန်သည်။

·       မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၀ရက်နေ့တွင် အရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်ကျဆုံးရေး ဆက်လက်ချီတက် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

·       မကွေးတိုင်း၊နတ်မောက်မြို့နယ်တွင် ဇူလိုင် ၂၀ရက်၊နံနက် ၃နာရီက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

·       ထားဝယ်မြို့ အရှေ့တောအရပ်တွင် ယနေ့ ဇူလိုင်လ ၂ဝရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ဇူလိုင်လ ၂၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။

·       ထားဝယ်မြို့တွင် ယနေ့နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်မှ အဝေးသင်ကျောင်းသားတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက နောက်ယောင်ခံလိုက်ကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး

·       ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ပြည်သူများမှ စစ်အာဏာရှင်ဖြုတ်ချရေး အိမ်တွင်းသပိတ်ပြုလုပ်ဆန္ဒ ပြခဲ့ကြသည်။

·       ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ် ပိတောက်ပင်ကျေးရွာမှာရှိသည့် အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသူ ဒေါ်ခင်ခင်လှ၏ နေအိမ်ရှေ့တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။

ကချင်ပြည်နယ်

·       ဖားကန့်မြို့၊လုံးခင်းအုပ်စုရှိ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

·        မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် ပြီးခဲ့သည့်အပတ် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော အသက် ၅၀ ကျော်အရွယ် အမျိုးသမီး၏ မိသားစုဝင်များကို စစ်ကောင်စီ တပ်မ ၈၈ နှင့် ခမရ ၆၁၆ တပ်ရင်း အဖွဲ့က ငွေကျပ် ၂၁ သိန်းဖြင့် လာရောက်တောင်းပန်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်

·       ကယားပြည်နယ်အတွင်း တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားသောကြောင့် ရွာခုနှစ်ရွာမှ စစ်ဘေးရှောင် ဦးရေ ၂၆၀၀ ကျော်တိုးလာကြောင်း တိုးတက်သောကရင်နီပြည်သူအင်အားစု(PKPF)က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly