မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်း၌ ကိုဗစ်-၁၉ ကူးစက်မှုအသစ်တွေ့ရှိမှု မြင့်တက်နေ

မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်း၌ ကိုဗစ်-၁၉ ကူးစက်မှုအသစ်တွေ့ရှိမှု မြင့်တက်နေ

ဇူလိုင် ၂၀

တရုတ်နိုင်ငံတွင် နေ့အလိုက် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် တွေ့ရှိမှုသည် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပြီး ယင်းသို့ ကူးစက်မှု မြင့်တက်မှုက မြန်မာနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် တရုတ် ယူနန်ပြည်နယ်၌ ဖြစ်ပွားသော ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုတစ်ခုနှင့် အဓိကသက်ဆိုင်နေကာ အဆိုပါ ယူနန်ပြည်နယ်တွင် ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ဟုန်ထိုး မြင့်တက်နေကြောင်း သိရသည်။

တရုတ်ပြည်မကြီးတွင် ဇူလိုင် ၁၉ ရက်အတွက် အတည်ပြုလူနာသစ် ၆၅ ဦး ရှိကြောင်း မှတ်တမ်းတင်ခဲ့ပြီး ယင်းကို အစောပိုင်းတစ်နေ့က တွေ့ရှိသည့် ကူးစက်သူ ၃၁ ဦးနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။

ယင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၉၂ ဦး တွေ့ရှိခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း အများဆုံးသော နေ့အလိုက် ကူးစက်သူသစ်တွေ့ရှိမှုလည်း ဖြစ်ခဲ့သည်။

ယခု တွေ့ရှိနေသော ကူးစက်သူသစ်များအနက် အများစုမှာ ပြည်ပကနေ ပြည်တွင်းကို ဝင်လာသည့် ကူးစက်မှုများဖြစ်ပြီး ယူနန်ပြည်နယ်တွင် ကူးစက်သူသစ် ၄၁ ဦးမှာ ပြည်ပကနေ မူလအစပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပြီး ယင်းတို့အားလုံးတွင် မကြာသေးခင်ကမှ မြန်မာကနေ ပြန်လာခဲ့သည့် တရုတ်နိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း သိရသည်။

ယူနန်ပြည်နယ်တွင် လက်ရှိ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များ တွေ့ရှိမှုကာလသည် ဇူလိုင် ၄ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့သည် အဓိကအားဖြင့် ရွှေလီနှင့် လုံချွမ်တို့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းတို့သည် မြန်မာနှင့်အကြား တရုတ်နယ်စပ်ရှိ မြို့ငယ်နှစ်ခု ဖြစ်သည်။

ကပ်ရောဂါ စတင်ပြီးနောက် စတုတ္ထမြောက် ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်တိုက်ဖျက်နေရသည့် ရွှေလီမြို့တွင် ဇူလိုင် ၁၉ တွင် ပြည်တွင်း၌ ကူးစက်သော ဖြစ်စဉ်သစ် ခုနစ်ခု တွေ့ရှိကြောင်း ထုတ်ဖော်ခဲ့ပြီး လုံချွမ်တွင် ဖြစ်စဉ်တစ်ခု ရှိခဲ့ဟု ထုတ်ဖော်ခဲ့သည်။

ရွှေလီသည် ယူနန်အတွက် အဓိကကျသည့် ကုန်းလမ်း ဖြတ်သန်းရာ နေရာတစ်ခုဖြစ်ပြီး ယူနန်သည် လာအို၊ မြန်မာ၊ ဗီယက်နမ်တို့နှင့်အကြား ၄,၀၀၀ ကီလိုမီတာ (၂,၄၈၅ မိုင်) နယ်နမိတ်ချင်း ထိစပ်နေသည်။

ယူနန်တွင် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက တရုတ်တွင် ကူးစက်မှုနှုန်းမြင့်မားသော ဒယ်လ်တာ မျိုးစိတ် ပါဝင်ပတ်သက်သည့် ဒုတိယမြောက် အစုအဝေးပုံစံ ကူးစက်မှုဖြစ်ပြီး ယင်းမတိုင်မီ မေလနှင့် ဇွန်လက နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ကူးစက်ဖြစ်ပွားမှုတစ်ခု ဖြစ်ပွားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly