အီရတ်မှာ အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၃၀ နီးပါး သေဆုံး

အီရတ်မှာ အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၃၀ နီးပါး သေဆုံး
Photo - AFP

ဇူလိုင် ၂၀

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ လူစည်ကားရာ ဈေးတစ်ခုမှာ ယမန်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်း‌ရင်းမြစ်တွေက ပြောပါတယ်။ အစ် ပွဲတော် ဆင်နွှဲမှုမတိုင်ခင် ဖြစ်ခဲ့တဲ့ ဒီအသေခံဗုံးခွဲတိုက်ခိုက်မှုဟာ မိမိတို့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အိုင်အက်စ်အုပ်စုက ဇူလိုင် ၂၀ ရက်မှာ ပြောခဲ့ပါတယ်။

ဘဂ္ဂဒက်မြို့ အရှေ့ပိုင်း ဆင်ခြေဖုံးအရပ်ဒေသတစ်ခု ဖြစ်တဲ့ ဆက်ဒါစီးတီးမှာ ဇူလိုင် ၁၉ ရက် ညပိုင်းက အဘူ ဟမ်ဇာ အယ်လ် အီရတ်ချီ အမည်ရ အသေခံဗုံးခွဲသမားတစ်ဦးက ၎င်းကိုယ်ကိုယ် ဖောက်ခွဲသွားခဲ့တာဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်မှာ လူ ၃၀ ကျော် သေဆုံးပြီး လူ ၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်သွေးကြွအဖွဲ့က ယင်းရဲ့ တယ်လီဂရမ် ချန်နယ်မှာ တင်ခဲ့တဲ့ မက်ဆေ့ချ်တစ်ခုမှာ ထုတ်ဖော်ထားပါတယ်။

ဒါဟာ ယခုနောက်ပိုင်းနှစ်တွေအတွင်း ဘဂ္ဂဒက်မြို့မှာ အဆိုးဝါးဆုံး တိုက်ခိုက်မှုတွေအနက် တစ်ခုဖြစ်ခဲ့သလို အစ္စလမ်ဘာသာဝင်တို့ရဲ့ Eid al-Adha ပွဲ‌တော်မတိုင်မီ အစားအသောက် ဝယ်တဲ့ ဈေးဝယ်သူတွေနဲ့ စည်ကားနေခဲ့တဲ့ ဈေးမှာ ခုလို တိုက်ခိုက်ခံရပြီးနောက် ရုပ်အလောင်းတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲနေခဲ့တာကို တွေ့ခဲ့ရကြောင်း အေအက်ဖ်ပီ ဓာတ်ပုံဆရာတစ်ဦးက ပြောပါတယ်။

ဆရာဝန်တွေရဲ့ အဆိုအရ ပေါက်ကွဲမှုကြောင့် လူပေါင်း ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လူနေထူထပ်ပြီး ရှီးဟိုက်တွေ အများဆုံး ရှိရာ ဆက်ဒါစီးတီးမှာ ခုလို ဗုံးခွဲတိုက်ခိုက်မှုဟာ အလွန်စက်ဆုပ်ဖွယ်ကောင်းတဲ့ ပြစ်မှုတစ်ခုဖြစ်ကြောင်း အီရတ် သမ္မတ ဘာဟမ် ဆာလီက ပြောခဲ့သလို ဗုံးခွဲမှုကြောင့် သေဆုံးသူတွေအတွက် ဝမ်းနည်းရကြောင်း ပြောခဲ့ပါတယ်။

“သူတို့ဟာ အစ်ပွဲ‌တော်မတိုင်မီ ဆက်ဒါစီးတီးက ကျွန်တော်တို့ရဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ၊ လူတွေကို ပျော်ရွှင်စေဖို့ အခွင့်အရေးတော့ သူတို့ မပေးခဲ့ပါဘူး” လို့ ၎င်းက ပြောသွားပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ရှစ်ဦးနဲ့ ကလေး ခုနစ်ဦး ပါဝင်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေအရ သိရပြီး သေဆုံးသူစာရင်းဟာ ၂၈ ဦးနဲ့ ၃၀ အကြားမှာ ရှိနေကြောင်း ၎င်းတို့က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly