ကျေးလက်ဒေသ စစ်ရှောင်များအတွက် ပစ္စည်းလှူဒါန်းရေး UNHCR နှင့် စစ်ကောင်စီတပ် ညှိနှိုင်းမှုအဆင်မပြေ 

ကျေးလက်ဒေသ စစ်ရှောင်များအတွက် ပစ္စည်းလှူဒါန်းရေး UNHCR နှင့် စစ်ကောင်စီတပ် ညှိနှိုင်းမှုအဆင်မပြေ 

မင်းတပ်/ ဇူလိုင် ၂၀ ရက်၊ ၂၀၂၁ 

ချင်းပြည်နယ် မင်းတပ်မြို့အတွက် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) မှ သယ်ဆောင်လာသော စစ်ဘေးရှောင်များအတွက် လှူဒါန်းသောပစ္စည်းများကို ယနေ့မနက်တွင် စစ်ကောင်စီက ခွင့်ပြုထားသော မြို့ပေါ် စစ်ရှောင်စခန်းများအတွက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ကျေးရွာမြို့နှင့် တောတွင်းစစ်ဘေးရှောင်များအတွက် ထောက်ပံ့မှုမပေးနိုင်ဘဲဖြစ်နေသည်။

"  စကစ ကသူတို့ခွင့်ပြုတဲ့စစ်ရှောင်စခန်းတွေမှာပဲ ထောက်ပံ့တဲ့ပစ္စည်းတွေကိုပေးခိုင်းတယ်။ စစ်ဘေးရှောင်ပြီး အိမ်ကိုပြန်လာကြတဲ့မိသားစုတွေ၊ရွာတွေဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းကသူတွေကိုတော့ ထောက်ပံ့တာခွင့်မပြုဘူးလို့သိရတယ် ။" ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။

 " ဒီတော့ ကျွန်တော့်အထင်မြို့ပေါ်စာရင်းရှိတဲ့အိမ်ထောင်စုက ၅၀ မကျော်ဘူးလေ။UNHCR ကလည်း အားလုံးမထားခဲ့ဘူ။ အဲဒီ အိမ်ထောင်စုအတွက်ပဲ ပစ္စည်းတွေထားခဲ့ပြီးကျန်တာတွေကိုပြန်သယ်သွားမယ်လို့ပြောနေကြတယ်။ ထားခဲ့ရင်လည်း စစ်ဘေးရှောင်တွေရမှာမဟုတ်မှန်းသူတို့သိတယ်ထင်တယ် ''ဟု သူက ထပ်ပြောသည်။ 

မြို့ပေါ် စစ်ဘေးရှောင်စခန်းများဖြစ်သည့် ဗဟိုကျောင်း နှင့် မင်းတပ်နှစ်ခြင်းအသင်းတော် (MBC) ဘုရားကျောင်းရှိ စစ်ရှောင်မိသားစု ၅၀ဝန်းကျင်သာရရှိမည်ဟုသိရသည်။

သို့သော် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(FAO) ပါဝင်သည့် ကုလသမဂ္ဂနှင့်မိတ်ဖက်အဖွဲ့အစည်းများကလှူဒါန်းပြီး UNHCR က ဇူလိုင်လ ၁၉ ရက်နေ့က သယ်ဆောင်လာသော ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်များ၊ တာပေါ်လင်၊ ခြင်ထောင်၊ စောင်နှင့် မီးဖိုချောင်သုံးပစ္စည်းများမှာ အိမ်ထောင်စု ၁၀၀၀ (လူဦးရေ ၅,၀၀၀ ) ကို ထောက်ပံ့နိုင်သည်။

မည်သည့်အတွက်ကြောင့် စစ်ကောင်စီတပ်က အခြားစစ်ရှောင်များကိုအကူညီပေးရေးပစ္စည်းများ ဝေငှခွင့်မပြုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။

မင်းတပ်မြို့ပေါ်တွင်ပင် စစ်ကောင်စီက ဖွင့်လှစ်ထားရှိသော စစ်ဘေးရှောင်စခန်း ကိုးခုရှိပြီး၊ ယောနယ်ဘက်ခြမ်းတွင် လေးခု၊ ရွာများတွင်လည်း ခိုလှုံမှုများ၊ စခန်းမှပြန်သွားသူများလည်းရှိသည်။ မြို့နှင့်အလှမ်းဝေးသော ကျေးလက်နေအိမ်များတွင် အကူညီလိုအပ်နေသူ ဦးရေပိုများသည်။ 

ဧပြီနှောင်းပိုင်းကတည်းက စတင်ခဲ့သော စစ်အာဏာသိမ်းဆန့်ကျင်သော ချင်းလူထုနှင့်ဖွဲ့စည်းထားသည့်ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၁၅,၀၀၀ ကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly