မိုက်ခရိုဆော့ကို တရုတ်က ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက် ပေကျင်း ပယ်ချ

မိုက်ခရိုဆော့ကို တရုတ်က ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက် ပေကျင်း ပယ်ချ
Photo - AFP

ဇူလိုင် ၂၀

အမေရိကန်နည်းပညာကုမ္ပဏီကြီး မိုက်ခရိုဆော့ကို ပစ်မှတ်ထားပြီး ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု တရုတ်တို့ လုပ်ခဲ့တယ်ဆိုပြီး အမေရိကန်ရဲ့ စွပ်စွဲမှုအပေါ် ပေကျင်းအာဏာပိုင်တို့က ဇူလိုင် ၂၀ ရက်မှာ အပြင်းအထန် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဝါရှင်တန်ဟာ ဆိုက်ဘာ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ “ကမ္ဘာ့ချန်ပီယံ” ဖြစ်ကြောင်း တရုတ်က တုံ့ပြန်ခဲ့သလို ရှားရှားပါးပါး ပူးတွဲ ပြစ်တင်ရှုတ်ချကြေညာချက်တစ်ခုကို ပါဝင်လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကိုလည်း တရုတ်က ပြစ်တင်သွားခဲ့ပါတယ်။

ပေကျင်းဟာ မိုက်ခရိုဆော့ကို ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တယ်လို့ အမေရိကန်က ဇူလိုင် ၁၉ ရက်မှာ စွပ်စွဲခဲ့သလို မတ်လအတွင်း ပေါ်ပေါက်ခဲ့တဲ့ ရန်လိုတဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွက် တရုတ်နိုင်ငံသားလေးဦးကို အမေရိကန်က စွဲချက်တင်ခဲ့ပါတယ်။

ကမ္ဘာတဝန်း ကော်ပိုးရေးရှင်းကြီးတွေအတွက် ထိပ်တန်းအီးမေးလ် ဆာဗာတစ်ခုဖြစ်တဲ့ Microsoft Exchange ကို ဆိုက်ဘာတိုက်ခိုက်ခဲ့မှုဟာ ဆိုက်ဘာနယ်ပယ်အတွင်း တာဝန်မဲ့တဲ့၊ ဖျက်လိုဖျက်စီးလုပ်တဲ့၊ မတည်မငြိမ်ဖြစ်စေတဲ့ အပြုအမူ ပုံစံ တစိတ်တ‌ဒေသဖြစ်ကြောင်းနဲ့ ယင်းဟာ အမေရိကန်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

တရုတ်ရဲ့လုံခြုံရေးဝန်ကြီးဌာနဟာ ရာဇဝတ်မှုကျူးလွန်တဲ့ ဟက်ကာ ဂေဟစနစ်တစ်ခုကို ပျိုးထောင်ထားခဲ့ကြောင်းနဲ့ အဆိုပါ ဟက်ကာတွေဟာ နိုင်ငံအထောက်အပံ့ခံ လုပ်ဆောင်ချက်တွေနဲ့ ၎င်းတို့အတွက် ငွေကြေးအကျိုးအမြတ်ရစေဖို့အတွက် ရည်ရွယ်တဲ့ ဆိုက်ဘာအမှုအခင်းတွေကို လုပ်ဆောင်ထားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ ၂၀၁၁ နဲ့ ၂၀၁၈ အကြား အမေရိကန်နဲ့ ပြည်ပမှာ ဒါဇင်နဲ့ချီတဲ့ ကုမ္ပဏီတွေ၊ တက္ကသိုလ်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ ကွန်ပြူတာတွေကို ဆိုက်ဘာတိုက်ခိုက်ခဲ့မှုအတွက် တရုတ်နိုင်ငံသားလေးဦးကို တရားစွဲဆိုကြောင်း အမေရိကန် တရားရေးဌာနက ကြေညာခဲ့ပါတယ်။

ယခု စွဲချက်တင်မှုကို ရည်ညွှန်းရင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာမှာ အမေရိကန်အနေနဲ့ ဆိုက်ဘာနယ်ပယ်တွင်းမှာ တာဝန်မဲ့တဲ့ လုပ်ဆောင်ချက်တွေအတွက် တရုတ်ရဲ့ ရန်လိုတဲ့ ဆိုက်ဘာတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေကို အကျိုးဆက်တွေခံစားရစေအောင် ချမှတ်သွားမယ်လို့ ပြောခဲ့ပါတယ်။

အလားတူ အမေရိကန်အနေနဲ့ တန်ပြန်အရေးယူမှု အစီအမံတွေ မလုပ်ခင် စုံစမ်းစစ်ဆေးမှုတစ်ခုကို အပြီးသတ်နိုင်ဖို့ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပြောပါတယ်။

“ရုရှားအစိုးရနဲ့မတူတာက တရုတ်အစိုးရဟာ ဒါကို သူတို့ကိုယ်တိုင် လုပ်မနေပါဘူး၊ ဒါပေမယ့် ဒါကို လုပ်တဲ့သူတွေကို အကာအကွယ်ပေးနေပါတယ်၊ ဒါမျိုး လုပ်နိုင်တဲ့သူတွေကို နေရာထိုင်ခင်းပေးတာမျိုးတောင် ရှိချင်ရှိပါလိမ့်မယ်” လို့ ဘိုင်ဒင်က သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

အမေရိကန်ဟာ ဇူလိုင် ၁၉ ရက်က  ထုတ်ပြန်ကြေညာချက်တစ်စောင်ကို အီးယူ၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ဂျပန်နဲ့ နေတိုး တို့လို မဟာမိတ်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ခဲ့ပြီး ဒါဟာ မကြုံစဖူး ထူးခြားမှုတစ်ခု ဖြစ်တယ်လို့ ဘိုင်ဒင်အစိုးရက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ တာဝန်မဲ့နေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

မိုက်ခရိုဆော့အပေါ် ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ပေကျင်း ရှိနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုမှုဟာ “မမှန်မကန် လုပ်ကြံဖန်တီးထားတဲ့” စွပ်စွဲချက်တွေသာဖြစ်ကြောင်း တရုတ်က ဇူလိုင် ၂၀ ရက်မှာ ပြန်လည် ဝေဖန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required