မြန်မာနိုင်ငံသား ၂၀ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးပေးရနိုင်ရန် ကုလသမဂ္ဂလုပ်ဆောင်နေ

မြန်မာနိုင်ငံသား ၂၀ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးပေးရနိုင်ရန် ကုလသမဂ္ဂလုပ်ဆောင်နေ

ဇူလိုင် ၂၀

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံသား ၂၀ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ကြိုးစားလျှက်ရှိသည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုကို တစ်နေ့ ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အထိသာ လုပ်နေသော်လည်း  တစ်ရက်လျှင် ပိုးတွေ့လူနာနှုံးက ၄၀ ရာခိုင်နှုန်းနီးပါးအထိ တိုးမြင့်လာခဲ့သည်။ ဇူလိုင်လဆန်းက ၂၂.၃၄ ရာခိုင်နှုန်းသာရှိခဲ့သည်။   

ထို့အပြင် လူနာများဆေးရုံတက်ရောက်ကုသခွင့်မရခြင်းနှင့် အောက်ဆီဂျင်ပြတ်တောက်မှုကလည်းဆိုးရွားနေရာ ကုလသမဂ္ဂအနေဖြင့် အောက်ဆီဂျင်နှင့် စက်များ၊ ဆေးရုံသုံးပစ္စည်းဝယ်ယူဖြည့်တင်းရေး ကူညီလုပ်ဆောင်နေသည်ဟု ကုလရုံးထုတ်ပြန်ချက်အရသိရသည်။ 

ထို့အပြင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင်လုပ်ကိုင်ခဲ့သလို စမ်းသပ်စစ်ဆေးမှုများနှင့် ကုသရေးစင်တာများ ထူထောင်ရေးလည်း ကြိုးပမ်းလျှက်ရှိသည်ဟုပါရှိသည်။ 

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးကင်းရှင်းရမည်ဆိုသော ကန့်သတ်ချက်ထားပြီး ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့်ခေါ်ယူသော်လည်း လျှောက်ထားသူမရှိသလောက်ဖြစ်နေသည်ဟု ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။

ကိုဗစ်ကူးစက်မှုဟန့်တားရန် မြို့ပေါင်း ၇၀ ကျော်တွင် အိမ်တွင်းနေအမိန့်ထုတ်ပြန်ထားပြီး ဇူလိုင် ၁၇ ရက်နေ့မှစတင်ကာ ကိုးရက်ကြာ အများပြည်သူ ရုံးပိတ်ရက်သတ်မှတ်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required