ဦးဉာဏ်ဝင်းကွယ်လွန်မှုနဲ့ပတ်သက်၍ စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NLD ထုတ်ပြန်

ဦးဉာဏ်ဝင်းကွယ်လွန်မှုနဲ့ပတ်သက်၍ စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NLD ထုတ်ပြန်

ဇူလိုင် ၂၀

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ ကိုဗစ်ရောဂါကြောင့် ကွယ်လွန်မှုနဲ့ပက်သက်လို့ စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NLD ကထုတ်ပြန်လိုက်ပါတယ်။

အင်းစိန်ထောင်ကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးကုမှုခံယူနေစဉ် ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်အချိန်မှာ ကွယ်လွန်ရတာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်အရွယ်ရှိပြီး ဆီးချိုရောဂါအခံရှိသူဖြစ်ကြောင်းလည်း နီးစပ်သူတွေကပြောပါတယ်။ ဦးဉာဏ်ဝင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရလို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်လောက်ကတည်းက ပြင်ပဆေးရုံကို ပို့ဆောင်ကာ အရေးပေါ်ကုသပေးနေရတာဖြစ်ပြီး ၁၀ ရက်လောက်အကြာမှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ပက်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အမတ်တွေဖြစ်ကြတဲ့ ဒေါ်ကြည်ပြာက “လွတ်မြောက်သွားတာပေါ့ အဘဉာဏ်ရယ်” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားခဲ့သလို ဦးနေဘုန်းလတ်ကလည်း “အကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ဦးဉာဏ်ဝင်း ကွယ်လွန်သွားပြီလို့ သိရပါတယ်” လို့ အတည်ပြုထားပါတယ်။

ဦးဉာဏ်ဝင်း ကွယ်လွန်မှုနဲ့ပတ်သက်လို့ NLD ရဲ့ထုတ်ပြန်ချက်ထဲမှာ” မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဂတိပြုပါကြောင်း” ကိုလည်း ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ကတည်းက ဖမ်းဆီးခံထားရတဲ့ ဦးဉာဏ်ဝင်းဟာ စစ်ကြောရေးမှာ တစ်လကျော်နေခဲ့ရပြီးမှ အင်းစိန်ထောင်ကို ရောက်ရှိခဲ့သူဖြစ်ပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တပ်ရဲ့အမှုဖွင့်ခြင်းကိုခံထားရသူလည်းဖြစ်ပါတယ်။ 

အင်းစိန်ထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ NLD ထိပ်ပိုင်း ခေါင်းဆောင်အချို့ဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဖြိုးမင်းသိန်းနဲ့ ဦးနိုင်ငံလင်းတို့ ကိုဗစ်ကူးစက်ခံထားရတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly