ရုရှားက အသံထက်မြန်တဲ့ Zircon ခရု(စ်) ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်

ရုရှားက အသံထက်မြန်တဲ့ Zircon ခရု(စ်) ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်

ဇူလိုင် ၂၀

Zircon လို့ ခေါ်တဲ့ အသံထက် မြန်တဲ့ ခရု(စ်) ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်မှုတစ်ခု ထပ်မံ လုပ်ဆောင်နိုင်ခဲ့ကြောင်း ရုရှားက ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။ ဒါဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင် ညွှန်းဆိုတဲ့ “ပြိုင်ဘက်တွေ မယှဉ်သာတဲ့ လက်နက်တွေ” လို့ဆိုတဲ့ လက်နက်အစုအဖွဲ့ထဲကို နောက်ထပ် လက်နက်သစ်တစ်ခုကို ထပ်တိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

မော်စကိုဟာ အနာဂတ်အတွက် ရည်ရွယ်တဲ့ ခေတ်မီ လက်နက်တွေ ထုတ်လုပ်မှုပိုင်းကို ပြီးခဲ့တဲ့နှစ်တွေကတည်းက အမွှမ်းတင်ထားခဲ့ပြီး အဆိုပါ လက်နက်တွေဟာ အနောက်အုပ်စုနဲ့အကြား တင်းမာမှုတွေ တိုးနေတဲ့ကာလမှာ အမေရိကန်နဲ့အကြား လက်နက်ပြိုင်ဆိုင်ပွဲမှာ ရုရှားကို နှာတစ်ဖျားပိုသာစေဖို့ မော်စကိုဘက်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရုရှား ကာကွယ်ရေး၀န်ကြီးဌာနက ဖြန့်ဝေထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ Admiral Gorshkov စစ်သင်္ဘောကနေ နိုင်ငံမြောက်ပိုင်း ဘာရန့်စ် ပင်လယ် ကမ်းရိုးတန်းပေါ်က ပစ်မှတ်တစ်ခုဆီ ခရု(စ်) ဒုံးကျည်တစင်း ပစ်လွှတ်တာကို ပြသထားခဲ့ပါတယ်။

“ဇာကွန် ဒုံးကျည်ဟာ ကီလိုမီတာ ၃၅၀ ‌ကျော် (၂၁၇ မိုင်) အကွာအဝေးရှိ ပစ်မှတ်ကို အောင်မြင်စွာနဲ့ တိုက်ရိုက် ထိမှန်ခဲ့ပါတယ်၊ ဒုံးကျည် ပျံတက်မှု အရှိန်နှုန်းက အသံမြန်နှုန်းထက် ၇ ဆ (Mach 7 ) နီးပါးထိ ရောက်ခဲ့ပါတယ်” လို့ ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ၂၀၁၉ ခုနှစ် ဖေဖေါ်၀ါရီလက နိုင်ငံတော် မိန့်ခွန်း ပြောကြားစဉ်လက်နက်သစ်တွေ ထုတ်လုပ်မှုနဲ့ပတ်သက်လို့ ထုတ်ဖော်ခဲ့ပြီး ယင်းဟာ အကွာအဝေး ၁၀၀၀ ကီလိုမီတာရှိ ပင်လယ်ပြင်နဲ့ ကုန်းပေါ် ပစ်မှတ်တွေကို ထိမှန်နိုင်သလို မြန်နှုန်း Mach 9 အထိ ရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ရုရှားကာကွယ်ရေး၀န်ကြီးဌာနကလည်း ယင်းအနေနဲ့ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေမှာ Zircon ဒုံးတွေ တပ်ဆင်ဖို့ စီစဉ်ထားတယ်လို့ ပြောကြားထားခဲ့ပါတယ်။

အဆိုပါ ဒုံးကျည်ကို မကြာသေးခင်က စမ်းသပ်မှုတစ်ချို့ လုပ်ဆောင်ထားခဲ့ပြီး ယမန်နှစ် အောက်တိုဘာလက ပူတင်က ပြောကြားခဲ့ရာမှာ အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတစ်ခုဟာ မိမိတို့ရဲ့ စစ်တပ် သက်တမ်းတွင်သာမက ရုရှားပြည်သူတွေရဲ့ ဘ၀တစ်လျှောက်မှာ အကြီးကျယ်ဆုံး ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ညွှန်းပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly