အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား မြန်မာနိုင်ငံအနှံ့ ကျင်းပမည်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား မြန်မာနိုင်ငံအနှံ့ ကျင်းပမည်

ဒီဇင်ဘာ ၉ ။         ။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် လူ့အခွင့်အရေးပညာပေးသူများကွန်ရက် (Human Rights Educators Network) နှင့် ဒေသခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့များ ပူးပေါင်းကျင်းပသွားမည်ဟု ကွန်ရက်မှတာဝန်ရှိသူ ဦးအောင်မျိုးမင်းက မဇ္ဈိမသို့ပြောသည်။

လူ့အခွင့်အရေးပညာပေးသူများကွန်ရက်နှင့် အဓိကပူးပေါင်း၍လုပ်ဆောင်သောမြို့ (၁၃) မြို့ရှိပြီး ချိတ်ဆက်လုပ်ဆောင် ခြင်းရှိသကဲ့သို့ ဒေသခံတက်ကြွလှုပ်ရှားသူအဖွဲ့များက ဦးဆောင်ပြုလုပ်ကြသည့် မြို့များလည်း ရှိသည်ဟု ၎င်းကဆိုသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုပြဌာန်းခဲ့သည်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် (၆၇) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၂၀၁၅ ခုနှစ် လူ့အခွင့် အရေးနေ့ ဆောင်ပုဒ်သည် ''အခွင့်အရေးနဲ့ လွတ်လပ်မှု ဟာ ထာဝရအတွက်ပါ”  “Our Rights, our freedoms, Always!” ဖြစ်သည်။

လူ့အခွင့်အရေးပညာပေးသူများကွန်ရက် ပြောခွင့်ရှိသူ ညီမျှခြင်းမြန်မာအဖွဲ့၏ ဒါရိုက်တာဦးအောင်မျိုးမင်းက “လူ့အခွင့် အရေးဆိုတာ မြို့ကြီးတွေက လူထုတွေအတွက်သက်သက် မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံးက နိုင်ငံသားတွေနဲ့ သက်ဆိုင် ပါတယ်။ လူ့အခွင့်အရေးပညာပေးသူ ကွန်ရက်ပေါ်လာတော့ လုပ်ဆောင်ချင်တဲ့သူတွေ၊ အဖွဲ့တွေလည်း အားတိုးလာတယ်။ သူတို့တွေကလည်း တိုးမြှင့်လုပ်ချင်တယ်။  ကျနော်တို့ဖက်ကလည်း မြို့တိုင်းက လူထုကို အသိပညာ တိုးအောင် လုပ်ဆောင်ချင်တာမို့လို့ အခုလို တစ်နိုင်ငံလုံး ကျင်းပဖို့ ပြင်ဆင်ခဲ့တာပါ။” ဟု ပြောသည်။

မကွေးမြို့ (ME- လူထုဖွံ့ဖြိုးရေးစင်တာ) မှ ဦးသိမ်းပိုက်ထွန်းက ''မကွေးမှာလုပ်တာ သုံးနှစ်ရှိပြီ၊ ဒီနှစ်မကွေး အရှေ့ခြမ်း က နကူး၊ သန်းတောကုန်း၊ မကျဉ်းကန်၊ ဆားတိုင်ကန်၊ စမ်းကန်စတဲ့ ရွာငါးရွာမှာလုပ်မယ်။ UDHR ကထုတ်တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်ငယ်ရယ်၊ Our Rights, our freedoms, Always! လို့ရေးထားတဲ့ စတေကာတွေ ဝေမယ်။ နောက်လူ့အခွင့်အရေးနဲ့ ပတ်သက် တဲ့ ဇာတ်လမ်းတိုတွေ ပြမယ်။ ပိုစတာ၊ ဗီနိုင်းထောင်တာတွေလုပ်ပါမယ်။'' ဟု ပြောကြားသည်။

ယခုနှစ် လူ့အခွင့်အရေးနေ့ဆောင်ပုဒ်ကို အလေးအနက်ထားပြီး လူ့အခွင့်အရေးကို အမှန်တကယ် လေးစား၊ ကာကွယ်၊ မြှင့်တင်လိုသော အစိုးရဖြစ်လာစေရန် တိုက်တွန်းတောင်းဆိုမှုများကိုလည်း လုပ်ဆောင်ကြမည်ဟု လူ့အခွင့်အရေး ပညာပေးသူများကွန်ရက်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly