ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ရန် ဗြိတိန်အမတ်များက အစိုးရကို တောင်းဆို

ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ရန် ဗြိတိန်အမတ်များက အစိုးရကို တောင်းဆို

ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်အစိုးရအနေဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို မရပ်တန့်ပါက ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းလမ်းအရ သပိတ်မှောက်ရန် ဗြိတိန်အစိုးရအား ပါလီမန်အမတ်များက ကန့်ကွက်မဲမရှိ တောင်းဆိုလိုက်ကြသည်။

တရုတ်နိုင်ငံဆိုင်ရာ စုံညီလွှတ်တော် မဟာမိတ် (IPAC)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကွန်ဆာဗေးတစ်ပါတီအမတ် တင်မ်လက်ဖ်တန်က တင်သွားခဲ့သည့် ယင်းအဆိုကို အတိုက်အခံပါတီအားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ ကြောင်း IPAC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တင်သွင်းသည့်အဆိုတွင် ဝီဂါဒေသ၌ ဆိုးရွားရက်စက်သည့် ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း အခိုင်အမာ စွပ်စွဲထားပြီး ပေကျင်းအိုလံပစ်ပြိုင်ပွဲသို့ ဗြိတိန်အစိုးရနှင့် ကိုယ်စားလှယ်များ မတက်ရောက်ရန် ဖိတ်ကြားချက်ကို ငြင်းဆိုရန် တိုက်တွန်းထားသည်။

ဝီဂါတို့၏ အခွင့်အရေးအတွက် ယခုနှစ်မတ်လအတွင်းက ထောက်ခံပြောဆိုခဲ့သောကြာင့် တရုတ်အစိုးရက ပိတ်ဆို့အရေးယူမှု ချမှတ်ထားသည့် ဗြိတိန်နိုင်ငံသားများတွင် လွှတ်တော်အမတ် တင်မ်လက်ဖ်တန်နှင့် IPAC အဖွဲ့ဝင် ၄ ဦးတို့ပါဝင်သည်။ ပေကျင်းအိုလံပစ်ကို သံတမန်နည်းလမ်းအရ သပိတ်မှောက်ရန် အခြားနိုင်ငံများကလည်း တောင်းဆိုထားကြသည်။ အဆိုပါ အိုလံပစ်ပွဲကို ၁၀ နိုင်ငံမှ ပါလီမန်များက ပူးပေါင်းအရေးယူရန် ယခုနှစ် ဇွန်လအတွင်း IPAC က ကြေညာခဲ့ရာတွင် အမေရိကန် ကိုယ်စားလှယ်များ ဖြစ်သည့် တွမ်မာလီနိုစကီနှင့် မိုက်ဂါလက်ဟာတို့ကလည်း ပြိုင်ပွဲကို နေရာ ရွေ့ပြောင်းကျင်းပရန် တောင်းဆိုခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များကလည်း ပေကျင်းအိုလံပစ်ပြိုင်ပွဲသို့ မတက်ရန် တောင်းဆိုသည့် ‘အရေးပေါ် ဆုံးဖြတ်ချက်’ ကို ဥရောပ ပါလီမန်က အတည်ပြုဆုံးဖြတ်ခဲ့သည်။

တင်မ်လက်ဖ်တန် တင်ပြခဲ့သည့်အဆိုတွင် “ဗြိတိန်အစိုးရအနေနဲ့ တရုတ်အစိုးရကို ဒွိဟဖြစ်စေမယ့် တုံ့ပြန်ချက် တွေပေးမယ့်အစား သူတို့ရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ပြင်းထန်စွာ တုံ့ပြန်ဖို့ လိုအပ်ပါပြီ” ဟု ဖော်ပြထားသည်။

“အာဏာရှင်အစိုးရတွေက သူတို့ရဲ့ ပြစ်မှုတွေကို ပြေပျောက်ဖို့နဲ့ကမ္ဘာနဲ့ချီပြီး ဝါဒဖြန့်ဖို့ အိုလံပစ်ပြိုင်ပွဲတွေကို အသုံးချခဲ့တဲ့ သမိုင်းတွေ ဟိုးအရင်ကတည်းက ရှိခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကလည်း ဒါကိုသိပြီး လိုက်လုပ်ဖို့ ပြင်ဆင်နေတယ်။ ဝီဂါဒေသ၊ တိဘက်နဲ့ ဟောင်ကောင်မှာ လုပ်ဆောင်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို မျက်နှာလွှဲနေမှာ မဟုတ်ဘူးဆိုတာနဲ့ ဆောင်းရာသီ အိုလံပစ်ကနေ ဝါဒဖြန့်ချိရေးကို အောင်မြင်အောင် လုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာတွေကို တရုတ်အစိုးရကို ပြတ်သားတဲ့ သဘောထားဖော်ပြဖို့ ဗြိတိန်နဲ့ အခြားဒီမိုကရေစီ နိုင်ငံတွေအပေါ်မှာ မူတည်နေတယ်” ဟုလည်း တင်မ်လက်ဖ်တန် တိုက်တွန်းထားသည်။

ဗြိတိန်အောက်လွှတ်တော်၏ အလုပ်သမားရေးရာ ဒုတိယခေါင်းဆောင် အမတ်အက်ဖ်ဇယ်ခမ်းကလည်း “တရုတ်အစိုးရက ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ခဲ့တဲ့ သမိုင်းကြောင်းက ကြာရှည်ဆိုးရွားနေပေမယ့် ပြီးခဲ့တဲ့ နှစ်တွေမှာတော့ တရုတ်ကွန်မြူနစ်ပါတီက ဝီဂါတွေအပေါ် ဖိနှိပ်မှုတွေ မြင့်တက်လာပါတယ်။ သံတမန်နည်းလမ်းနဲ့ သပိတ်မှောက်ခြင်းအားဖြင့် စက်မှုလုပ်ငန်းမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဗြိတိန်အစိုးရက မျက်နှာလွှဲမနေဘူးဆိုတာကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲရဲ့ ညီညွတ်ခြင်းနဲ့ခွဲခြားမှုမရှိခြင်းဆိုတဲ့ တန်ဖိုးတွေက တရုတ်အစိုးရက ဝီဂါမွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် ရက်စက်မှုနဲ့ လိုက်လျောညီထွေမှု မရှိပါဘူး” ဟု ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly