တပ်မတော်ဟာ ကြက်မွေးမြူရေးကို လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက လုပ်လာတာဖြစ်လို့ ကြက်ဥအတွက် မစိုးရိမ်ရဘူးလို့ စစ်ခေါင်းဆောင်ပြော

တပ်မတော်ဟာ ကြက်မွေးမြူရေးကို လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက လုပ်လာတာဖြစ်လို့ ကြက်ဥအတွက် မစိုးရိမ်ရဘူးလို့ စစ်ခေါင်းဆောင်ပြော
Photo - AFP

ဇူလိုင် ၁၉

တပ်မတော်အနေနဲ့ ကြက်မွေးမြူရေးကို လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနှစ်နှစ်ကတည်းက လုပ်လာတာဖြစ်သလို ပြည်သူလူထုကိုလည်း ရောင်းချပေးနေတာဖြစ်တဲ့အတွက် ကြက်ဥအတွက် စိုးရိမ်စရာမရှိဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တတိယအကြိမ် ညှိနှိုင်းအစည်းတွေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာ ဖြစ်တဲ့အကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းအတွင်း ကူးစက်ပျံ့နှံ့မှု များပြားလာပြီး အခြေခံစားကုန်တွေထဲက တစ်ခုဖြစ်တဲ့ ကြက်ဥဟာလည်း ဈေးကွက်အတွင်း အဆမတန်ဈေးမြင့်တက်ကာ ပြတ်လပ်တဲ့အထိရှိလာနေချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ရောဂါဖြစ်ပွားမှု  လူဦးရေး သန်း ၁၉၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁၇ ရက်နေ့အထိ လူ နှစ်သိန်းကျော် ကိုဗစ်ကူးစက်ခံထားရကာ တတိယလှိုင်းအတွင်း ကူးစက်ပြန့်ပွားမှုနှုန်းဟာ ဆတိုးပြန့်ပွား ကူးစက်နေတာကို တွေ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က လူဦးရေ ၁ ဒသမ ၆ သန်းကို ပထမအကြိမ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးထားပြီး ဒုတိယအကြိမ် ထပ်မံထိုးနှံ့ပေးဖို့ ပြင်ဆင်နေသလို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ခုနှစ်သိန်းခွဲ ရောက်ရှိမှာဖြစ်ကာ ဩဂုတ်လအတွင်း လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ အရပ်ဘက်ဆေးရုံတွေ၊ နေရာ ၊ ဌာနတွေအားလုံးပေါင်း လူဦးရေ ၆၉၈၀၀ စာအတွက် ကွာရန်တင်းစင်တာ စုစုပေါင်း ၁၉၃၄ နေရာ ပြင်ဆင်ထားပြီး ကိုဗစ်အတည်ပြုလူနာတွေအတွက် နေရာပေါင်း ၁၁၁၄ နေရာပြင်ဆင်ထားကာ လူနာ ၄၆၀၀၀ ခန့် ထားရှိနိုင်မှာဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အောက်ဆီဂျင်ကိုလည်း ပြည်သူ့ဆေးရုံ၊ တပ်မတော်ဆေးရုံ၊ စက်ရုံအလုပ်ရုံတွေမှာ ရှိတဲ့ Oxygen Plant တွေက အောက်ဆီဂျင်ထုတ်ပေးနေသလို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကလည်း Liquit အောက်ဆီဂျင်နဲ့ အောက်ဆီဂျင်အိုးတွေကို နယ်စပ်ကတစ်ဆင့် တင်သွင်းပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာရဲ့  ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၅၂၈၅ ဦးရှိပြီး သေဆုံး ၂၃၁ ဦးရှိခဲ့အတွက် စုစုပေါင်းသေဆုံးသူ ၅၀၀၀ ဦးရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required