တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီအကြား နှစ်ဖက်တပ်များ ဆုတ်ခွာရန် ထပ်မံသဘောတူ

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီအကြား နှစ်ဖက်တပ်များ ဆုတ်ခွာရန် ထပ်မံသဘောတူ

ချင်းမိုင်(မဇ္ဈိမ)။         ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှု ဒုတိယနေ့တွင် နှစ်ဖက်တပ်များဆုတ်ခွာရန် ထပ်မံ သဘောတူညီကြသည်ဟုသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးနှင့် မိုင်းနောင်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းရေးအတွက် ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက် နှစ်ရက်သာ ဆွေးနွေးခဲ့ပြီး ထပ်မံ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ နိုဝင်ဘာ ၂၃၊ ၂၄ ရက် သဘောတူညီမှုအတိုင်းပါဘဲ။ ဆက်လက် အကောင်အထည်ဖော်သွားမယ်ဆိုတဲ့ အဲဒီ ၆ ချက်အတိုင်းပါဘဲ။ တပ်တွေနေရာချဖို့၊ စစ်ရှိန်လျော့ပေးဖို့ ဆိုတာတွေ ပါဘဲ။ နောက် ၂၀၁၂ ခုနှစ်က ကျနော်တို့ သဘောတူညီချက်ကိုလည်း အကောင်အထည်ဖော်သွားတာဆိုတဲ့ တစ်ချက်ပါတယ်။” ဟု SSPP/SSA ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ နှင့် ၂၄ ရက်က ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု၌ SSPP/SSA အနေဖြင့် မိုင်းရှူးနှင့် မိုင်းနောင် ကားလမ်း မြောက်ဘက်ခြမ်းသို့ ရွှေ့ပြောင်းနေထိုင်ရန်၊ တောင်ဘက်ရှိ တပ်မတော်စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်း နေရာချထားရန်၊ ၂၀၁၂ ခုနှစ် တောင်ကြီးမြို့တွင် လက်မှတ် ရေးထိုးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူစာချုပ်ပါ ဆက်လက်ကိစ္စများ ဆက်လက် အကောင်အထည်ဖာ်ရန်၊ လက်ရှိ ပဋိပက္ခကြောင့် ယာယီပိတ်ထားရသော စာသင်ကျောင်း ၁၇ ကျောင်းကို အမြန်ဆုံး ဖွင့်လှစ်ရန်၊ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးတို့ကို ၅ ရက်အတွင်း အကောင်အထည် ဖော်ရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။

ယခု ဒီဇင်ဘာလ ၇ ရက် ပထမနေ့ ဆွေးနွေးကြရာတွင် SSPP/SSA အား မိုင်းရှူးနှင့် မိုင်းနောင် ကားလမ်းမ၏ တောင်ဘက်ရှိ တပ်ရွှေ့ပေးရန်သာ တဖက်သတ် ပြောဆိုဆွေးနွေးခဲ့သော်လည်း ဒုတိယနေ့ ဆွေးနွေးမှုတွင် အစိုးရ တပ်ဘက်မှလည်း ရွှေ့ပြောင်းရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောသည်။

“သဘောတူတယ်ဆိုပေမဲ့ တပ်တွေရွှေ့ပေးဖို့က ပြန်ညှိရမှာပေါ့။ အောက်ခြေတပ်တွေ အချင်းချင်း ညှိရအုန်းမယ်။ အစိုးရ တပ်ကလည်း သူတို့သဘောအရ တပ်ဆုတ်မှာပေါ့နော်။” ဟု ဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောသည်။

UPWC မှ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဗိုလ်ချုပ် ရာပြည့်၊ ဦးခင်မောင်စိုး တို့ ပါဝင်ပြီး SSPP/SSA ဘက်မှ ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီ ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးတို့ တက်ရောက်ဆွေးနွေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှစတင်၍ အစိုးရ စစ်တပ်နှင့် SSPP/SSA တပ်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သော စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရှိနေပြီဟု သိရသည်။

လက်ရှိ SSPP/SSA နှင့် အစိုးရတို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့အကြား ဒီဇင်ဘာလ ၈ ရက်က တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

ရှမ်းပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွားမှုတွင် အစိုးရ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်သည်ဟု စွပ်စွဲမှုများနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးရန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြား ရေးဌာနက ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags