နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ ဇူလိုင် ၂၀၂၁)
ပုံ - အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး မုံရွာပင်မသပိတ် နှင့် မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်း (Photo - CJ)

ရန်ကုန်တိုင်းဒေသကြီး

·       ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာဆေးရုံကို ဇူလိုင် ၁၇ ရက်နေ့ ည ၉ နာရီကျော်လောက်က ကိုဗစ်-၁၉ လူနာလာပို့သည့် လူနာတင်ယာဉ်များကို သေနတ်ကိုင် စစ်ကောင်စီတပ်က ဝင်ခွင့်မပေးတာကြောင့် လှည့်ပြန်ခဲ့ရကြောင်းသိရသည်။

·       ရန်ကုန် ရွှေပြည်သာတွင် ဝန်ထမ်းပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး Paper Sign board လှုပ်ရှားမှု ကိုပြုလုပ်ခဲ့သည်။

·       ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် အာဇာနည် (၉) ဦးအပါအ၀င် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးအတွက်တိုက် ပွဲ၀င်ရင်း ကျဆုံးခဲ့ရသည့် ဘာမထီသူရဲကောင်းများကို ‌အလေးပြုသည့်အနေဖြင့် ပြည်သူတိုင်း အလေးပြုသပိတ်၊ ဟွန်းတီးသပိတ် ပါဝင်ကြရန် လူငယ်များက နှိုးဆော်ထားသည်။

 မန္တလေးတိုင်းဒေသကြီး

·       ကျောက်ဆည်ခရိုင်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ( ဗ.က.သများအဖွဲ့ချုပ်)နှင့် တောင်သူလယ်သမားဦးကြီးများတို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျောက်ဆည်မြို့ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ထိ (၁၉)ဇူလိုင်အကြို ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       "ကပ်ဆိုးကိုလည်းကျော်မယ် တပ်ဆိုးကိုလည်း ဆော်မယ်၊ပေးဆပ်ရတာ လူ့အသက်တွေပါ ၂၀၀တန် အရုပ်အကျိုးအပဲ့တွေ မဟုတ်ဘူး"ဆိုပြီး ဇူလိုင် ၁၈ရက်၊မနက်ပိုင်းမှာ မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ)သပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြခဲ့သည်။

·       မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းသည် ဇူလိုင်လ ၁၈ ရက် ညနေပိုင်းတွင် စစ်အာဏာရှင် ဖြုတ်ချရေး ၁၆၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·       မန္တလေးမြို့၊ အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်းသည် ဇူလိုင်လ ၁၈ ရက် ညနေခင်းတွင် အကြမ်းဖက် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း တို့ ပူးပေါင်းကာ “ လွတ်လပ်စွာ အသက်ရှုခွင့်ပေးပါ” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း ကသာမြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဆိုင်ကယ်များဖြင့် လှည့်လည်ကာ ဆဲဆိုပြီး သေနတ်ပစ်ခတ်မှုများ ဇူလိုင်လ ၁၇ ရက် ညအချိန်တွင် ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

·       စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာကို ယမန်နေ့ ညက စစ်ကောင်စီတပ်များ ဝင်ရောက် ပစ်ခတ်၍ လူငယ်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံပြောသည်။

·       ဆိပ်ခွန်ရွာ တောင်ဖက်က ပန်းလှိုင်ရွာတွင် ယနေ့ နေ့လည်ပိုင်းမှစ၍ အကြမ်းက်စစ်တပ်နှင့် pdf များ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကျောင်းသားပြည်သူများသည် ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက "လှေခွက် ချည်းကျန် အလံမလဲ" သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော် ချီတက် ဆန္ဒပြကြသည်။

·       ကပ်ဆိုးကိုလည်းကျော် တပ်ဆိုးကိုလည်းဆော် ကြွေးကြော်သံဖြင့် ဒေသခံပြည်သူများ၏ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး မုံရွာပင်မသပိတ် နှင့် မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်းတို့ ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။

·       စိုင်ပြင်မြို့တွင် ယနေ့ ဇူလိုင် ၁၈ ရက်နေ့က လူငယ်များ ဦးဆောင်ကာ “ ကပ်ဆိုး ကိုလည်း ကျော်မယ် တပ်ဆိုး ကိုလည်း ဆော်မယ်” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

·       မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်းက “ကပ်ဆိုးကိုလည်းကျော်မယ် တပ်ဆိုးကိုလည်းတော်လှန်မယ်” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆိုင်ကယ်သပိတ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ပခုက္ကူမြို့နယ်တွင် ဇူလိုင်လ ၁၈ရက်နေ့က လူငယ်များ ဦးဆောင်ကာ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား မိသားစုဝင်များကို ကိုဗစ် ကာကွယ်ရေး ပစ္စည်းများ အခြေခံစားသောက်ကုန် ပစ္စည်းများ လိုက်လံ ဝေငှပြီး “ ပြည်သူကပြည်သူကိုပြန်စောင့်ရှောက်ပါ ” လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

·       ထားဝယ်တောင်ပိုင်းသပိတ်သစ်ကြောင်းသည် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်ဖြုတ်ချရေး မိုးထဲလေထဲ ဆိုင်ကယ်သပိတ်ချီတက်ခဲ့ကြသည်။

·       လောင်းလုံးမြို့နယ်တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

·       ထားဝယ်မြို့ပေါ်တွင် ဇူလိုင်လ ၁၇ ရက်နေ့က လူငယ်များ ဦးဆောင်သည့် ထားဝယ်ပင်မသပိတ် စစ်ကြောင်းနှင့် ကျောင်းသားသပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ထားဝယ်မြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက လူငယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြရာ သပိတ်စစ်ကြောင်းစုရပ်သို့ပြန်မရောက်မီအကြမ်းဖက်စစ်တပ်များအိမ်စီးကားအပြာရောင်ဖြစ်လာရောက်ဖြိုခွင်းခဲ့သော်လည်း အချိန်မီလူစုခွဲနိုင်ခဲ့ကြောင်း သိရသည်။

·       သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာတွင် ယနေ့ ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာရှိ ကျောင်းသားပြည်သူများသည် ဇူလိုင်လ ၁၈ ရက် နံနက်တွင် အကြမ်းက်စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးအတွက် မိုးရေထဲ၌ ကြွေးကြော်ချီတက် သပိတ်မှောက်ကြသည်။

·       လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းက ကျေးရွာစျေး၌ ကိုဗစ် ရောဂါကာကွယ်ရေး လူငယ်များ ဦးဆောင်ကာ "လိုသူယူ ပိုသူလှူ" ကာကွယ်ရေး ပစ္စည်းများ လိုက်လံ ဝေငှခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်

·       ဖားကန့်မြို့၊ လုံးခင်းအုပ်စု ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် စစ်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်

·       မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လူငယ်များသည် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးအတွက် ဇူလိုင်လ ၁၈ ရက်တွင် အိမ်တွင်းသပိတ်ပြုလုပ်ကာ ဆန့်ကျင်ဆန္ဒပြကြသည်။

ချင်းပြည်နယ်

·       ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့ရှိ စံချိန်မှီဘောလုံးကွင်းအနီး လောင်းရဲရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ်တွင်ယနေ့ ဇူလိုင်လ ၁၈ ရက်နံနက် ၄နာရီဝန်းကျင်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံကို အနီးနားရှိ ရွာဟောင်းရွာမှပင် ကြားကြရသည်ဟု ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်

·       လားရှိုးတွင် ခင်ပွန်းဖြစ်သူကို မဖမ်းမိ၍ လားရှိုးမြို့ ရပ်ကွက်(၉)မှာ နေထိုင်သည့် ဇနီးဖြစ်သူဒေါ်မိမိမော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

·       ကိုးကန့်တပ်မတော် (MNDAA)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ခုနှစ်ဦး သေဆုံးခဲ့ပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး

·       ပဲခူးမြို့တွင် စစ်တပ်က ဖမ်းဆီးထားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲကြီး(ခ) နိုင်လင်းစိုးသည် စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း သိရသည်။

နေပြည်တော်

·       မြန်မာနိုင်ငံအတွင်းက လူပေါင်း ကိုးသိန်းကျော် အကူအညီများ လိုအပ်နေပြီး သုံးသိန်းကျော်မှာ စစ်ဘေးဒုက္ခသည်များအဖြစ် ပြေးရှောင်နေရသလို အနည်းဆုံး လူပေါင်း ၆ ဒသမ ၂ သန်းလောက် အစားအစာပြတ်လပ်မှုဒဏ်ကို ကြုံနေကြရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

·       ပြည်နယ်နှင့် တိုင်းအလိုက် အောက်ဆီဂျင် ထုတ်လုပ်မှုလိုအပ်ချက်ကို mapping ရေးဆွဲပြီး ဗဟိုနှင့် ညှိနှိုင်းကာ အောက်ဆီဂျင်မပြတ်လပ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြောသည်။

 ဇူလိုင် ၁၈သုံးသပ်ချက်

·       ရန်ကုန်တွင် ကိုဗစ်ကပ်ရောဂါဆိုးကို ရင်ဆိုင်နေရပြီး အောက်စီဂျင်ပြတ် မလုံလောက်မှုများလည်း ရှိနေဆဲဖြစ်သည်။ယမန်နေ့က အရေးပေါ်လူနာများ မြောက်ဥက္ကလာဆေးရုံကြီးသို့ လာရောက်ပြသရာတွင် အကြမ်းဖက်တပ်များက ဝန်းတံခါးပိတ်ထားပြီး မည်သူကိုမျှပေးဝင်ခြင်း မပြုသည်ကို တွေ့ရသည်။ ယင်းဖြစ်ရပ်သည် ပြည်သူကို စစ်တပ်က ပုံစံတမျိုးဖြင့် သတ်နေခြင်းဖြစ်ကြောင်း ပြည်သူများကဝေဖန်နေ ကြသည်။

·       မန္တလေးတွင် ဖမ်းဆီးမှုများ ရှိနေသော်လည်း သပိတ်ပေါင်းစုံ၏ ဆန္ဒပြမှုများ အားကောင်းနေသည်ကို တွေ့ရသည်။ မန္တလေးတွင်လည်း ကိုဗစ်ကြောင့် အောက်စီဂျင် လိုအပ်ချက်မြင့်မား လာနေသည် ကိုတွေ့ရသည်။

·       စစ်ကိုင်းနှင့်တနင်္သာရီတိုင်းဒေသကြီးများတွင် လူထုဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်သည်။စစ်ကိုင်းတွင် PDF များ၏ အာဏာရှင် ဆန့်ကျင်ရေးနှင့် အာဏာရှင် ဒေါက်တိုင်ရှင်းလင်းရေးများလည်း ရှိနေသည်ကို တွေ့ရသည်။ယင်းအပြင် စစ်ကောင်စီနှင့်တိုက်ပွဲများလည်း ခပ်စိတ်စိတ် ဖြစ်နေသည်။

·       ကျန်ပြည်နယ်နှင့်တိုင်းများတွင် ဆန္ဒပြမှုများ မရှိသလောက်နည်းပါးသွားပြီး ကိုဗစ်ကပ်ရောဂါဆိုးကို ပြည်သူများမှ မိမိအစီအစဉ်ဖြင့် ရင်ဆိုင်တွန်းလှန်နေရသည်ကို တွေ့ရသည်။

·       စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြီးခဲ့သည့် ရက်ပိုင်းက အောက်စီဂျင် အလုံအလောက် ရှိသည်ဟု ပြောဆိုထားသော်လည်း ယနေ့ထုတ် စစ်ကောင်စီသတင်းစာများထဲတွင် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ အောက်စီဂျင်ရအောင် စီစဉ်ဆောင်ရွက်ဆဲဖြစ်ပြီး ဗဟိုနှင့်ညှိနှိုင်းကာ ဆောင်မည့် အဆင့်သာရှိ နေသေးသည်။စစ်ကောင်စီ သတင်းစားများ၏ ဖော်ပြချက်များအရ ကိုဗစ်ရော ဂါကို ထိန်းချုပ်ကာကွယ်ရန် စီစဉ်နေဆဲအခြေအနေကို တွေ့ရပြီး ယင်းအခြေအနေက စားပွဲပေါ်က အစီအစဉ်များသာဖြစ် လက်တွေ့မြေပြင်အထိ မရောက်သေးတာကိုလည်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly