ဧရာဝတီတိုင်းမှာ စစ်ကြောရေးလုပ်ဆောင်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ကိုဗစ်ကူးစက်နေ

ဧရာဝတီတိုင်းမှာ စစ်ကြောရေးလုပ်ဆောင်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ကိုဗစ်ကူးစက်နေ
ဓာတ်ပုံ - မနောဖြူပရဟိတအသင်းမှ ပုသိမ်မြို့ကကိုဗစ်လူနာတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောက်နေခြင်းဖြစ်သည်။

ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကြောရေးလုပ်ဆောင်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ကိုဗစ် ၁၉ ကူးစက်ခံနေရပြီး ပုသိမ်မြို့ မဆရ-၄ တောင်ပေါ် စစ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ အမည်မဖော်လိုသူ သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးကနေ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအနက် ခေါင်းဆောင်လို့ ယူဆရသူတွေကို ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ပို့ဆောင်ပြီး စစ်တပ်နဲ့ သတင်းရဲတပ်ဖွဲ့ (SB)တို့က ပူးပေါင်းစစ်ဆေးနေတာဖြစ်ပါတယ်။ မြို့နယ်အလိုက် သတင်းရဲတပ်ဖွဲ့ခေါင်းဆောင်တွေကို ပုသိမ်မြို့မှာ ယာယီနေထိုင်စေပြီး စစ်ကြောရေးပြုလုပ်စေရာမှာ အခုလို အစုအပြုံလိုက် ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

“စစ်ကြောရေးအတွက် တောင်ပေါ်ကို ခေါ်ထားပြီး ပူးပေါင်းစစ်ကြောရေးလုပ်ခိုင်းတာ ဘယ်သူကနေ စကူးလည်းမသိဘူး။ အကုန်ဖျားတော့မှ စစ်လိုက်တော့ အကုန်လုံးနီးပါး Positive ထွက်တယ်၊ ဖမ်းထားတဲ့သူတွေကိုတော့ မစစ်ပေးဘူး။ ဒီအတိုင်း ခေါ်လာလိုက် ပြန်ပို့လိုက်နဲ့ထားတာပဲ၊ Positive သမားတွေကို မဆရ-၄မှာ ကုပေးတယ်၊ ဆေးဝါးလည်းမပြည့်စုံပါဘူး။ အဓိက အောက်ဆီဂျင်ပေါ့ အဲ့ဒါလည်း ကျွန်တော်တို့ကတော့ မလိုသေးဘူး လိုနေတဲ့သူတွေ တွေ့တယ် မပေးနိုင်ဘူး၊ ကျွန်တော်တို့ အဖွဲ့ထဲကပဲ သက်သာပြီးတော့ တာဝန်ကျရာမြို့ကို ပြန်ပို့လိုက်တဲ့သူတွေရှိတယ်။ ရောက်တဲ့နေရာမှာ Home Quarantine နေပေါ့”လို့ သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေအများအပြားလည်း ကိုဗစ် ၁၉ကူးစက်ခံနေရတယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။

“တပ်ထဲမှာလည်း Lock Down တော့ချထားတယ်၊ စည်းလေးစည်းပေါ့ အရပ်သားတွေ ဝင်ခွင့်ရတဲ့ စည်းကတစ်စည်း၊ တပ်တွင်းကမှ အပြင်ကို ပတ်နေရတာက တစ်စည်း၊ တပ်ထဲကို ပြန်ဝင်တာက တမျိုး၊ အရာရှိကြီးတွေနဲ့ သူတို့လုံခြုံရေးက သက်သက် အဲ့လိုခွဲထားတယ်၊ တော်တော်များများ ဖျားနာနေကြတယ်။ အတွင်းစည်းလောက်ပဲ စစ်ပေးတာ။ ကျန်တဲ့သူတွေကို စစ်မပေးဘူး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကိုလည်း သတင်းပေးမသိဘူး ခွဲထားတယ်”လို့ သူကပြောပါတယ်။

မြောင်းမြမြို့မှာ ဇူလိုင်လဆန်းပိုင်းက စစ်ကောင်စီလက်အောက်ခံ  ရဲတပ်ဖွဲ့ဝင် ၁၁ဦး အစုလိုက်အပြုံလိုက် ကူးစက်ခံရတဲ့ သတင်းထုတ်ပြန်မှုအပြီး နောက်ပိုင်းမှာ စစ်ကောင်စီက သတင်းအမှောင်ချပြီး ယခုအချိန်ထိ ဆက်လက်ထုတ်ပြန်ခြင်း မရှိတော့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly