ဟောင်ကောင်နှင့်ပတ်သက်ပြီး အမေရိကန်က တရုတ်အရာရှိများကို အရေးယူဒဏ်ခတ်ရန်ရှိနေပြီး ကုမ္ပဏီများကိုလည်း သတိပေး

By reuters.com
18 July 2021
ဟောင်ကောင်နှင့်ပတ်သက်ပြီး အမေရိကန်က တရုတ်အရာရှိများကို အရေးယူဒဏ်ခတ်ရန်ရှိနေပြီး ကုမ္ပဏီများကိုလည်း သတိပေး

ဟောင်ကောင်ရှိ ဒီမိုကရေစီကို ပေကျင်းဘက်မှ ဖြိုခွင်းနှိမ်နင်းမှုအတွက် တရုတ်အရာရှိတစ်ချို့ကို အရေးယူဒဏ်ခတ်မှုများ ချမှတ်ရန် အမေရိကန်က ပြင်ဆင်လျက်ရှိကြောင်းနှင့် ယိုယွင်းဆိုးရွားလာနေသော အခြေအနေများနှင့်ပတ်သက်ပြီး အဆိုပါနေရာတွင် လုပ်ငန်းများ လုပ်ကိုင် လည်ပတ်နေသော နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများကို သတိပေးရန် အမေရိကန်က ပြင်ဆင်နေကြောင်း ထိုအခြေအနေအပေါ် သိရှိသည့် သတင်းရင်းမြစ်နှစ်ဦးက ရိုက်တာကို ပြောသည်။

တရုတ်၏ ဟောင်ကောင် ဆက်ဆံရေးရုံးမှ အရာရှိခုနစ်ဦးကို ပစ်မှတ်ထားပြီး ဘဏ္ဍာရေးအ‌ရေးယူဒဏ်ခတ်မှုများ ချမှတ်သွားရန် ရှိနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ဟောင်ကောင် ဆက်ဆံရေးရုံးသည် ဟောင်ကောင်ထံ ပေကျင်း၏ သြဇာလွှမ်းမိုးမှု ပိုမို ကျ‌ရောက်စေရန်လုပ်ဆောင်နေသည့် တရား၀င် ပလက်ဖောင်းဖြစ်သည်။

အလားတူ ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဥပဒေကြောင့် နိုင်ငံတကာ ကုမ္ပဏီများအပေါ် သက်ရောက်လာနိုင်မှုနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရဘက်မှ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းကို

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ပြင်ဆင်မွမ်းမံထားသော သီးခြား စီးပွားရေးအကြံပြုချက်တစ်ရပ်တွင် အလေးပေးဖော်ပြထားသည်။

ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများနှင့် သတင်းလွတ်လပ်ခွင့်အပေါ် ဖြိုခွင်းနှိမ်နင်းမှုကို လွယ်ကူချော‌မွေ့စေရန် ပေကျင်းသည် ယမန်နှစ်က ထိုအမျိုးသားလုံခြုံရေးဥပဒေကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ပြောသည်။

“စီးပွားရေး အကြံပြုချက်နဲ့ပတ်သက်လို့ ကျွန်တော် ပြောပါရစေ” ဆိုပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုင်ငံတွင် ရောက်ရှိနေသည့် ဂျာမနီ၀န်ကြီးချုပ် အန်ဂျလာ မာကဲလ်နှင့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးခွန်းတစ်ခုကို ဖြေကြားရင်း ပြောခဲ့သည်။

“ဟောင်ကောင်ရဲ့ အခြေအနေက ယိုယွင်းဆိုးရွားလာနေပါတယ်၊ ပြီးတော့ တရုတ်အစိုးရဟာ ဟောင်ကောင်ကို ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာနဲ့ပတ်သက်လို့ ပေးထားတဲ့ ကတိက၀တ်အတိုင်း လုပ်မနေပါဘူး၊ ဒီတော့ ဒါက ဟောင်ကောင်မှာ ဖြစ်ပျက်လာနိုင်တာတွေနဲ့ပတ်သက်တဲ့ အကြံပြုချက်တစ်ခုထက် ပိုပါတယ်၊ ဒါက အဲဒီလောက် ရိုးရှင်းပါတယ်၊ တစ်ချိန်တည်းမှာလည်းပဲ အဲဒီလောက်လည်း ရှုပ်ထွေးပါတယ်” ဟု ဘိုင်ဒင်က ပြောခဲ့သည်။

ယခုလုပ်ဆောင်ချက်များသည် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်ကနေ တရုတ်ထိန်းချုပ်မှုအောက် ပြန်လွှဲပေးခဲ့သည့် ဟောင်ကောင်တွင် ဥပဒေစိုးမိုးမှု တိုက်စားခံနေရသည်ဆိုသည့် အမေရိကန် ပြောဆိုသော ကိစ္စအတွက် တရုတ်အစိုးရဘက်မှ တာ၀န်ခံမှု ရှိစေရေး ဘိုင်ဒင်အစိုးရ၏ နောက်ထပ်အားထုတ်မှုတစ်ခုလည်းဖြစ်သည်။

တစ်ဘက်တွင်လည်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ဇူလိုင် ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင် အမေရိကန်အနေဖြင့် ဟောင်ကောင်နှင့်ပတ်သက်ပြီး ကြား၀င်စွက်ဖက်မှု ရပ်ဆိုင်းသင့်ကြောင်း ပြောခဲ့သည်။

တရုတ်အနေဖြင့် အမေရိကန်၏ လုပ်ဆောင်ချက်များအပေါ် “ပြတ်သားခိုင်မာပြီး အားကောင်းသော တုံ့ပြန်မှု” တစ်ရပ် လုပ်သွားမည်ဟု ၎င်းက ပြောခဲ့သည်။

ဟောင်ကောင်နှင့်ပတ်သက်သည့် အစီအမံများသည် ပြောင်းလဲမှုများ ရှိနိုင်သေးကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်နှစ်ဦးစလုံးက ပြောသည်။ ဟောင်ကောင်မှ

ပြောင်းရွှေ့၀င်‌ရောက်မှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိ အမိန့်ညွှန်ကြားချက်တစ်ခုကို အိမ်ဖြူတော်က သုံးသပ်နေခဲ့ကြောင်း၊ သို့သော် ယင်းကို အကောင်အထည်ဖော်ရန်မှာ သေချာမှုမရှိသေးကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖြစ်နိုင်ခြေရှိ အရေးယူဒဏ်ခတ်မှုအသစ်များအကြောင်း ယခုအပတ် မီဒီယာသတင်းဖော်ပြချက်များ ထွက်ရှိခဲ့ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် အမေရိကန်ဘဏ္ဍာရေး၀န်ကြီးဌာနက ငြင်းဆန်ထားခဲ့သည်။

“ကောင်းမွန်တဲ့ စီးပွားရေးအသိုင်းအ၀ိုင်းဟာ ဥပဒေစိုးမိုးမှုအပေါ် အားထားမှီခိုရတယ်လို့ ကျွန်တော်တို့ သိထားတယ်၊ ဟောင်ကောင်မှာ ကျင့်သုံးနေတဲ့ အမျိုးသားလုံခြုံရေးဥပဒေကတော့ အဲဒီအပေါ်မှာ တိုက်စားမှုတွေ ဆက်ရှိနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ် ယခုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းမှုတစ်ခုကို ပြန်ဖြေကြားစဥ် ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly