အကြွေးနှင့် ထောင်ချောက်

အကြွေးနှင့် ထောင်ချောက်

ဝီလျံရှိတ်စပီးယားက သူ၏ အကောင်းဆုံး ပြဇာတ်တစ်ပုဒ်ဖြစ်သည့် ‘ဗင်းနစ်မြို့မှ ကုန်သည်’ ပြဇာတ်တွင် ငွေချေးယူသူထံမှ ကိုယ်ပိုင်အသားစ တစ်ပေါင်ကို အပေါင်ပစ္စည်းအဖြစ် တောင်းသည့် ညှာတာမှုကင်းပြီး လူတကာက အော့နှလုံးနာသော ရှိုင်းလော့ခ် ဇာတ်ကောင်စရိုက်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ အဆိုပါ ဇာတ်ကောင်စရိုက်ကို အတုယူကာ ကမ္ဘာနှင့်ချီ၍ ခေတ်ပြိုင်ဖြစ်လာသည့် တရုတ်နိုင်ငံသည် ဆိပ်ကမ်းတည်ဆောက်ခြင်းမျာ၊ ရေနံချက်စက်ရုံများ၊ စက်မှုဇုန်များ၊ ဆိပ်ကမ်းမြို့ကြီးများ၊ လမ်းများ၊ ရထားလမ်းများနှင့် ဓာတ်အားပေးစက်ရုံများ ပါဝင်သည့် ပိုးလမ်းမသစ် စီမံကိန်း စိတ်ကူးသစ်ခေါင်းစဉ်ဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများကို စွဲဆောင်ကာ ကြွေးမြီများကို အဆမတန်ထုတ်ချေးခြင်း၊ မနိုင်ဝန်အကြွေးကို ထုတ်ပေးကာ ပြန်လည်မဆပ်နိုင်သည့်အခါ ၎င်းတို့ထံမှ မဟာဗျူဟာအရ အရေးပါသည့် အပေါ်ပစ္စည်းများကို သိမ်းယူတော့သည်။

စံနမူနာတစ်ခုအဖြစ် လူသိများခဲ့သည့် ပိုးလမ်းမဟောင်းကို ကမ္ဘာ့နိုင်ငံများမှ လူများ၊ ကုန်ပစ္စည်းများနှင့် စိတ်ကူးအတွေးအခေါ်တို့ စီးဆင်းရာ အသက်သွေးကြောအဖြစ် ရာစုနှစ်များစွာ အသုံးချခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က အဆိုပါ လမ်းဟောင်းကို ပြန်လည်အသက်သွင်း၍ ကုန်ကျစရိတ်ကြီး သော၊ ကျယ်ပြန့်သော၊ အရင်းအနှီးများသော သူ၏ ‘ရပ်ဝန်းနှင့်လမ်းမ အစဉ်သစ်’ (BRI) ခေါ် ပိုးလမ်းမသစ် စီမံကိန်း စိတ်ကူးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စီမံကိန်းတွင် ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များသည် အရှေ့အာရှမှ ဥရောပအထိ နိုင်ငံပေါင်း ၁၄၀ ထက်မနည်းသို့ ရောက်ရှိနိုင်ပြီး ခန့်မှန်းခြေ ၁ ထရီလီယံမှ ၈ ထရီလီယံအထိ ကုန်ကျနို်ငကာ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးသည် ကမ္ဘာပေါ်တွင် လွှမ်းမိုးမှု ရှိလာ နိုင်မည်ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ကမ္ဘာပေါ်ရှိ ၁၆ နိုင်ငံတွင်သာ အဆိုပါ ကိန်းဂဏန်းနှင့် အထိ ဂျီဒီပီ ရှိနေသည်။

BRI တွင် အစီအစဉ်သစ် ၂ ခုပေါင်းစပ်ထားရာ ပထမတစ်ခုမှာ (မြေပြင်အခြေခံ) ပိုးလမ်းမ စီးပွားရေး ရပ်ဝန်းဖြစ်ကာ ဖွံ့ဖြိုးရေး စင်္ကြန် ၆ခုဖြစ်သော ကျိလင်းမှ ရုရှားရှိ စိန့်ပီတာစဘာ့ချ်၊ ရှန်ဒေါင်းမှ ဒိန်းမတ်၊

ကာဇက်စတန်မှ တူရကီ, ဟိုင်းနန်မှ မလေးရှား၊ ဂွမ်းဒေါင်းမှ ဘင်္ဂလားဒေ့ရှ်၊ ရှင်ကျန်းမှ ပါကစ္စတန်တို့ ဖြစ်သည်။

ဒုတိယတစ်ခုသည် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမဖြစ်ပြီး နိုင်ငံအသီးသီးနှင့် တိုက်ကြီးများရှိ ဆိပ်ကမ်းကြီးများသို့ ပင်လယ်ရေကြောင်းမှ ဆက်သွယ်မည်ဖြစ်သည်။

အိန္ဒိယတိုက်ငယ်တွင် BRI စီမံကိန်း၏ ပင်မအစီအစဉ်သည် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် (CPEC) ဖြစ်ကာ ခန့်မှန်းကုန်ကျငွေ ဒေါ်လာ ၆၂ ဘီလျံရှိမည်ဖြစ်ပြီး ရှင်ကျန်းမှ ပါကစ္စတန်နိုင်ငံ ဂွာဒါဆိပ်ကမ်းသို့ ချိတ်ဆက်မည့် မဟာဗျူဟာ ထွက်ပေါက်သည် အာရေဘီယံပင်လယ်သို့ ရောက်ရှိမည်။ အနောက် အာရှမှတစ်ဆင့် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ် မြို့သို့ ရေနံနှင့် ဓာတ်ငွေ့များကို သယ်ဆောင်နိုင်သည့် လမ်းကြောင်းသစ်တစ်ခုဖြစ်သည်။ ယင်းစီမံကိန်းသည် ကရာချိ ကုန်သွယ်ရေး စင်္ကြန်ကို တိုးချဲ့ရန်နှင့် ကရာချိဆိပ်ကမ်းမှ ပီပရီသို့ ပါကစ္စတန်ရူပီး ၁၃၀ ဘီလျံ ကုန်ကျမည့် ရထားလမ်းတည်ဆောက်၍ စီးပွား‌ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အထောက်အပံ့ ဖြစ်လာမည်။ အဆိုပါ စင်္ကြန်လမ်းသည် ပါကစ္စတန်၏ ဂျီဒီပီ ဒေါ်လာ ၂၇၈ ဒသမ ၂၂ ဘီလျံ၏ ၂၅ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။ ယခုပမာဏအထိ ငွေကြေး ကုန်ကျမည့် စီမံကိန်းများသည် ချေးယူသည့် နိုင်ငံများအတွက် အကြွေးဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို သိရှိထားရန် အရေးကြီးသည်။ ပါကစ္စတန်နိုင်ငံသည်လည်း တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် (CPEC) ကြောင့် လူသိရှင်ကြား ပြည်ပကြွေးမြီသည် ဒေါ်လာ ၁၁၆ ဘီလျံအထိ မြင့်တက်လာမည်။ တရုတ်၏ ပုံမှန်မဟုတ်ဘဲ လူသိရှင်ကြားမပြုလုပ်သည့် တိတ်တဆိတ်ချေးငွေနှင့် ပေါင်းပါက အထက်ပါ ကြွေးမြီပမာဏထက် ပိုမိုများနိုင်သည်။ အဆိုပါ အခြေအနေမျိုးတွင် ပါကစ္စတန်၏ ဆိုးရွားသည့် စီးပွားရေး အခြေအနေနှင့် CPEC စီမံကိန်းဖြင့်ယူမည့် ချေးငွေများကို ပြန်လည်ပေးနိုင်မည်မဟုတ်သည်ကို လွယ်ကူစွာ ခန့်မှန်းကြည့်နိုင်သည်။ အကျိုးဆက်အနေဖြင့် ပါကစ္စတန်သည် ဂွာဒါဆိပ်ကမ်းကို နှစ်၄၀ အငှားအဖြစ် တရုတ်သို့ လွှဲပြောင်းလိုက်သလို ဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံများက သိမြင်လာသည်။ တရုတ်အနေဖြင့် ယင်းဆိပ်ကမ်းကို မဟာဗျူဟာအရ ထိန်းချုပ်နိုင်သည်သာမကတော့ဘဲ ယင်းဆိပ်ကမ်းမှ ဝင်ငွေ ၉၁ ရာခိုင်နှုန်း ကို ရရှိမည်ဖြစ်သည်။

ထို့အတူ BRI အစီအစဉ်အရ တည်ဆောက်ခဲ့သည့် သီရိလင်္ကာ၏ ဟန်ဘန်တိုတာ ဆိပ်ကမ်းကိုလည်း တရုတ်သို့ ၉၉ နှစ် အငှားချထားရခြင်းသည် တရုတ်အနေဖြင့် ချေးငွေထုတ်ပေးလိုက်သည့် နိုင်ငံများထံမှ မဟာဗျူဟာကျသည့် တန်ဖိုးကြီး ပိုင်ဆိုင်မှုများကို သိမ်းပိုက်သည့် မူဝါဒကို ထင်ဟပ်ပြသနေသည်။ တရုတ်အနေဖြင့် String of Pearls သီအိုရီဆိုသည့် စစ်ရေးနှင့် ကုန်သွယ်ရေး ကွန်ရက်အား အာဖရိက ဦးချိုဒေသ အထိ ချဲ့ထွင်နိုင်မည့် အစီအစဉ်အရ ရေပ်စခန်းများကို တည်ဆောက်ရန် အငြင်းပွားဖွယ်ရာ အကြွေးထောင်ချောက်ဆင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါ ဆိပ်ကမ်းကို လွှဲပြောင်းပေးရန် တရုတ်က သီရိလင်္ကာကို ဖိအားပေးခဲ့သည်။

ထို့ပြင် အချုပ်အခြာအာဏာ ပိုင်ဆို်ငမှုနှင့် ပတ်သက်၍ အပေးအယူလုပ်ရာတွင် ‘ကိုလံဘိုဆိပ်ကမ်းမြို့တော်’ တည်ဆောက်ရာတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများအတွက် သီရိလင်္ကာက မြေနှင့် အခြားရင်းမြစ်များကို ရောင်းချခဲ့ရသည်။ ယင်း ဆိပ်ကမ်းမြိုတော် စီမံကိန်းအပေါ် သီရိလင်္ကာ နိုင်ငံရေးနှင့် လူမှုနယ်ပယ်အသိုင်းအ ဝန်းကြားနှင့် ပါလီမန်တွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာကာ နိုင်ငံအတွင်းမှ ‘တရုတ်ပိုင်နက်’ ဟုပင် သတ်မှတ် ခဲ့ကြ သည်။ တရုတ်အစိုးရ၏ မသက်မညှာ အကြွေးဖြင့် ချည်နှောင်တုတ်ဆိုင်းသည့် ဖြစ်စဉ်တစ်ခုမှာ မော်ဒလိုက်နိုင်ငံသည်လည်း BRI စီမံကိန်းတွင် ပါဝင်သည့် တရုတ်-မော်ဒလိုက် ချစ်ကြည်ရေးတံတား တည်ဆောက်ရန် စီးပွားရေးအရ မည်သို့မှ တွက်ခြေမကိုက်ဘဲ သီရိလင်္ကာနိုင်ငံကဲ့သို့ပင် တရုတ်ထံမှ အကူအညီ ယူခဲ့သည်။ ယင်းအကူအညီအပြင် အလားတူ စီမံကိန်းများကြောင့် မော်ဒလိုက်နိုင်ငံသည် တရုတ်ထံတွင် အကြွေး ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံတင်ရှိနေသည်။ အဆိုပါ ပမာဏသည် ကမ္ဘာလှည့် ခရီးသွားနှင့် ငါးဖမ်းလုပ်ငန်းများအပေါ်တွင်သာ မှီခိုနေရပြီး ဂျီဒီပီ ကန်ဒေါ်လာ ၄ ဒသမ၉ ဘီလျံရှိသည့် နိုင်ငံအတွက် အလွန်ပမာဏများပြားသည့် အကြွေးပမာဏ ဖြစ်သည်။

တရုတ်၏ သားကောင်လိုက်သကဲ့သို့ စီးပွားရေးမူဝါဒများကို အချိန်မီသိရှိသွားသောကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အကြွေး ထောင်ချောက်အတွင်း လုံးဝကျဆင်းမသွားခဲ့သော်လည်း BRI အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ငွေကြေးအကြပ်အတည်းများစွာ ကြုံတွေ့ခဲ့ရသည်။ 

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိနိ္ဒယတို့ ဦးဆောင်သည့် QUAD အဖွဲ့၏ အနာဂတ်တွင် အင်အား တိုးချဲ့လာမည့် အခြေအနေကို ထိတ်လန့်လာသောကြောင့် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်ကိုယ်စားလှယ် လီကျမ်မင်းသည် ဘင်္ဂလားဒေ့ရှ်အား QUAD တွင် မပါဝင်ဝင်ရန် သတိပေးခဲ့သလို BRI အစီအစဉ်တွင် ပါဝင်သည့် အခြေခံအဆောက်အဦ စီမံကိန်းကြီးများအတွက် တရုတ်၏ ကတိကဝတ် များ ပြီးမြောက်အောင် လုပ်မပေးနိုင်သည့် အခြေအနေဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။ BRI အဖွဲ့ဝင်နို်ငငံ ဖြစ်ပြီး စီးပွားရေးအားနည်းချက်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကို ရုန်းကန်ရင်ဆိုင်နေရသည့် အိန္ဒိယတိုက်ငယ်မှ အခြားနိုင်ငံတစ်နိုင်ငံသည် နီပေါဖြစ်သည်။ တိဘက်ဒေသမှ နီပေါမြို့တော် ခတ္တမန္ဒူအထိ လမ်းကြောင်းတွင် အခက်အခဲအတားအဆီးများ ပြည့်နေသည်။ ကြွေးမြီပြဿနာ၊ စီမံကိန်း၏ အောင်မြင်နိုင် ခြေ၊သဘာဝပတ်ဝန်းကျင်နှင့် ငလျင်ဘေးအန္တရာယ်တို့ကြောင့် အဆိုပါ လမ်းကြောင်းကို လုပ်ဆောင်ရန် မလွယ်ကူပေ။

ထို့ကြောင့် BRI အဖွဲ့ဝင် နို်ငငံအားလုံးနီးပါးသည် တရုတ်၏ အကြွေးသားကောင်အဖြစ် ချုပ်ကိုင်ခံရမည့် အခြေအနေသို့ ရောက်နေသည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးဗဟိုဌာန၏ မကြာသေးမီက လေ့လာတွေ့ ရှိချက်တွင် နောက်ထပ် BRI နိုင်ငံများသည် ကိုဗစ် ကပ်ရောဂါနှင့်ကြုံတွေ့နေရပြီး ဒီဂျီဘူတီ၊ ကာဇက်စတန်၊ လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ မွန်တီနီဂရို၊ နိုင်ဂျီးရီးယားနှင့် တာဂျစ်ကစ္စတန်ကဲ့သို့ နိုင်ငံများသည် အကြွေးပြန်လည်မဆပ်နိုင်မည့် အခြေအနေတွင် ရောက်ရှိနေသည်။ အဆိုပါနိုင်ငံများသည် BRI စီမံကိန်းအောက်မှ ပွင့်လင်းမြင်သာ၍ ယှဉ်ပြိုင်လုပ်ကိုင်မှုမရှိသည့် ဝယ်ယူမှုနှင့် လုပ်ငန်းအပ်နှံမှုမရှိသည့် အဓိက စိန်ခေါ်မှုများကြောင့် အနည်းဆုံးအားဖြင့် စီးပွားရေး တည်ငြိမ်သည့် ပုံသဏ္ဍာန်ကို ထိန်းသိမ်းထားရန် ၎င်းတို့၏ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှု အရပ်ရပ်ကို စွန့်လွှတ်ရမည်ဖြစ်ကာ အဖိုးတန်သော အချုပ်အခြာပိုင်ဆိုင်သည့် အခွင့်အရေးများကို စွန့်လွှတ်ရမည်ဖြစ်သည်။

အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နိုင်ငံက မဟာဗျူဟာကျသည့် စစ်အခြေစိုက်စခန်း ၉ ခုထက်မနည်း ကို တည်ဆောက်ခြင်းသည် အထက်တွင်ဖော်ပြခဲ့သည့် String of Pearls သီအိုရီ အကောင်အထည်ဖော်ခြင်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။အဆိုပါ စစ်စခန်းများတွင် တရုတ်က နိုင်ငံနှင့် ဝေးရာဒေသ၌ တပ်ဖွဲ့ဝင်များကို ထားရှိခြင်း၊ စစ်သင်္ဘောများ ရပ်နားခြင်း၊ သင်္ဘောလမ်းကြောင်းများကို

ထိန်းချုပ်ခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများကို ဝင်ရောက်စွက်ဖက် သတ်မှတ်နိုင်မည်ဖြစ်သသည်။ ယင်းစီမံကိန်းသည် စီးပွားရေး အစီအစဉ် တစ်ခုထက် စီမံကိန်းများစွာဖြင့် ကမ္ဘာကိုလွှမ်းမိုးရန် မဟာဗျူဟာ အစီအစဉ်တစ်ခုဖြစ်ကာ နိုင်ငံတွင် အရေးပါသော နှစ်ပတ်လည်များဖြစ်သည့် ၂၀၂၁ ခုနှစ်တွင် ကျရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နှစ် ၁၀၀ ပြည့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်မှု နှစ် ၁၀၀ ပြည့် ဖြစ်သည့် ၂၀၄၉ ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ်ထားသည်။ ပိုမိုသစ်လွင်သစ် ဈေးကွက်များကို လောဘတစ်ကြီးဖြင့် ရရှိစေရန် ကြိုးပမ်းမှု၏ နောက်ကွယ်၌ တရုတ်နှင့် ပတ်သက်သည့်နိုင်ငံများအား ပုံမမှန်သည့် စီးပွား‌ရေးနှင့် နိုင်ငံရေး မက်လုံးများကို ပေးရန်ဖြစ်သည်။မူဝါဒ ချမှတ်သူများ၊ ဘဏ်လုပ်ငန်းရှင်များ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများမှ မန်နေဂျာများနှင့် သံတမန်များအပါအဝင် ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အဦကဏ္ဍအား မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် အရာရှိများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးကို မက်လုံးပေး၍ ငွေချေးယူမည့်နိုင်ငံတွင် မည်ကဲ့သို့သော လူမှုစီးပွားရေး၊ နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများရှိနေစေကာမူ BRI နှင့် သက်ဆိုင်သည့် စီမံကိန်းများအား သဘောတူလက်မှတ် ရေးထိုးစေခဲ့သည်။ သဘောတူညီချက်များကို အမှန်တကယ်အကောင်အထည် မဖော်ဖြစ်သည်ထက် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကြိုတင်မက်လုံးများကို ပိုမိုအဓိကထားသောကြောင့် တရုတ်ဘဏ်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် သံတမန်များ သည် ရေရှည်မတည်တံ့နိုင်သလို အောင်မြင်မှု ရှိမလာနိုင်သည့် စီမံကိန်းများအား နို်ငငံပေါင်း ၁၄၀ ကျော်တွင် စတင်နိုင်ရန် ကြိုးပမ်းလာကြသည်။

ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို စိတ်ထဲ၌ပင်ထားကာ အခြေအနေမကောင်းသည့် အကြွေးဖြင့် အဆောက်အခြေခံအဆောက်အဦ ထူထောင်မှု သဘောတူညီချက်များကို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တရုတ်အစိုးရက ပြုလုပ်၍ အဆိုပါနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ မတည်ငြိမ်စေရန်၊ ယင်းနိုင်ငံများ၏ ခေါင်းဆောင် ပိုင်းက တင်းကြပ်သည့် စည်းမျဉ်းများ မသတ်မှတ်နိုင်စေရန်၊ ယင်းနိုင်ငံတွင် ပိုမိုခြေကုပ်ယူနိုင်ရန် လုပ်ဆောင်လာသည်။ ယင်းနိုင်ငံများသည်လည်း အကြွေးသံသရာတွင် မရုန်းထွက်သာတော့ဘဲ ယင်အကြွေးများမှ အတိုးများကို ပြန်လည်ပေးဆပ်နိုင်ရန် နောက်ထပ်အကြွေးများကို ယူရမည်တော့မည် ဖြစ်သောကြောင့် မိမိတို့၏ အချုပ်အခြာအာဏာပိုင်နက်နှင့် အပေးအယူလုပ်လာကြသည်။

အချို့ ဖြစ်ရပ်များတွင် တရုတ်တို့၏ ပါဝင်မှုကို ခွင့်ပြုလက်ခံထားသူ အကျင့်ပျက်လာဘ်စားသော နိုင်ငံရေး သမားများက ဖုံးကွယ်ထားသောကြောင့် သဘောတူညီချက်များကို ရှင်းလင်းစွာ မသိရဘဲ ၎င်းတို့ အာဏာမြဲရန် အခြေခံအဆောက်အဦ စီမံကိန်းသစ် ကောင်းမွန်ကြောင်းကိုသာ ပြည်သူများကို ကတိပေးကြသည်။

တရုတ်သည် ၎င်း၏ စီးပွားရေး အားသာချက်နှင့် အခိုက်အတံ့အားဖြင့် နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုတို့ကို အသုံးချကာ ၂၁ ရာစုတွင် အင်ပါယာသစ် ထူထောင်လိုဟန်ရှိသည်။ ရေရျည်အကျိုးစီးပွား ရရှိစေရန် စီးပွား‌ရေး ပူးပေါင်းဆောင်ရွက်ခြင်း အမည်ဖြင့် ပိုမိုရန်လိုသော ချဉ်းကပ်မှုများကို တရုတ်အစိုးရက လုပ်ဆောင်နေကြောင်း ကမ္ဘာကြီးက ပိုမိုသိရှိလာသည်။ နိုင်ငံအလိုက်သော်လည်းကောင်း၊ နိုင်ငံစုံအုပ်စုများနှင့်လည်းကောင်း ဆက်ဆံရာတွင် တရုတ်က အကူအညီ/ချေးငွေ နည်းလမ်းဖြင့် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်လာသည်ကို ပိုမိုသိရှိလာကြသည်။ BRI သည် အကျိုးကျေးဇူးရှိသည့် အစီအစဉ်မဟုတ်ဘဲ ရပ်ဝန်းနှင့် လမ်းများ အတားအဆီးအဖြစ်သို့ ပြောင်းလဲလာသည်ကို ထင်ရှားစွာ သိမြင်လာနိုင်သည်။ BRI ကို ကမ္ဘာ့စီးပွားရေး ပေါင်းစပ်ရန် အစီအစဉ်အတွက် စတင်သည်ခဲ့သည်မှာ သေချာ သော်လည်း တရုတ် အစိုးရက ၎င်း၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် နိုင်ငံအများအပြားကို အတင်းအဓမ္မ လုပ်ဆောင်စေမည့် ကိရိယာတစ်ခုအဖြစ် ပြောင်းလဲလာသည်ကို ဖြစ်ပေါ်လာသည့် အခြေအနေများက သိရှိနိုင်သည်။ ရောဂါများနှင့် ဘေးအန္တရာယ်များ၊ ဆင်းရဲမွဲတေမှုနှင့်ကပ်ရောဂါများအစရှိသည် အမျိုးမျိုးသော ထောင်ချောက်များနှင့် ကြွေးမြီများကို ရုန်းကန်နေရသည့် ကမ္ဘာကြီးအတွက် စိုးရိမ်ရသည့် အကြောင်းအရာတစ်ခု ဖြစ်လာသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required