အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်အကြား ပိတ်ထားခဲ့တဲ့ နယ်စပ် ပြန်ဖွင့်

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်အကြား ပိတ်ထားခဲ့တဲ့ နယ်စပ် ပြန်ဖွင့်
Photo - AFP

ဇူလိုင် ၁၈

အာဖဂန်နစ္စတန်နိုင်ငံတ၀န်း နယ်မြေသိမ်းပိုက်မှုတွေ အလျင်အမြန်လုပ်နေတဲ့ တာလီဘန်တို့ အဓိကနယ်စပ်မြို့တစ်မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် ပိတ်ထားခဲ့တဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်အကြား  အဓိကနယ်စပ်ဖြတ်ကျော်နေရာတစ်ခုကို ဇူလိုင် ၁၇ ရက်မှာ တစိတ်တပိုင်း ပြန်ဖွင့်ခဲ့ပါတယ်။

တာလီဘန်စစ်သွေးကြွတွေဟာ စပင်ဘိုးဒက်မြို့ကို အာဖဂန်အစိုးရတပ်တွေလက်ထဲကနေ ဇူလိုင် ၁၄ ရက်က သိမ်းပိုက်နိုင်ခဲ့ချိန် ပါကစ္စတန်က နယ်စပ်ကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီလို နယ်စပ် ပိတ်ထားမှုကြောင့်  နယ်စပ်ရဲ့ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးမှာ လူထောင်ချီ သောင်တင်ပိတ်မိနေခဲ့ပြီး ကုန်သွယ်မှုလည်း လုံး၀ရပ်တန့်ခဲ့ရပါတယ်။

ယခုအခါမှာ လူတွေကို အုပ်စုငယ်တွေအဖြစ် ပါကစ္စတန်နိုင်ငံထဲ ၀င်ခွင့်ပြုနေပြီဖြစ်သလို လူရာနဲ့ချီလည်း အာဖဂန်နစ္စတန်နိုင်ငံ ဦးတည်ထွက်ခွာနေကြပြီလို့ အမည်မဖော်လိုသူ ပါကစ္စတန်နယ်စပ်လုံခြုံရေးအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

လူတွေ ဦးတည်ရာနှစ်ဖက်စလုံးကို သွားရောက်နေတာကို အေအက်ဖ်ပီ ဂျာနယ်လစ်တစ်ဦးကလည်း မျက်မြင်တွေ့ရှိခဲ့ပါတယ်။

“ခရီးသွား စာရွက်စာတမ်းတွေ စစ်ပြီးတော့ သူတို့ကို ပါကစ္စတန်ထဲ ၀င်ခွင့်ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒါမှာလည်း အစ်ဒ်ပွဲတော်အတွက် သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်ဆုံနိုင်မှာပါ” လို့ ပါကစ္စတန်နယ်စပ်လုံခြုံရေးအရာရှိက လာမယ့်အပတ်မှာ ဆင်နွှဲဖို့ ရှိတဲ့ မွတ်ဆလင် အားလပ်ရက်ကို ရည်ညွှန်းပြီး ပြောပါတယ်။

ကဘူးလ်မြို့ကို သွားရောက်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ နိုအာ အလီကလည်း ၎င်းဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း နယ်စပ်ရှိ ကန်ဒါဟာပြည်နယ်က တိုက်ပွဲတွေကြောင့် စပင်ဘိုးဒက်ကို ရောက်ဖို့ နှစ်ကြိမ် ကြိုးစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။

“ကျွန်တော် ကြောက်နေခဲ့မိတယ်၊ ဒါပေမယ့် တာလီဘန်တွေက ဘာပြဿနာမှ မရှာပါဘူး၊ သူတို့ ကျွန်တော့်ရဲ့ စာရွက်စာတမ်းကို စစ်တယ်၊ ပြီးတော့ ဖြတ်သန်းခွင့် ပေးခဲ့ပါတယ်” လို့ နိုအာ အလီက အနီးအနား ကွက်တားမြို့ကို ရောက်ပြီးနောက် အေအက်ဖ်ပီကို ပြောပါတယ်။

အာဖဂန်နစ္စတန်တ၀န်း သီတင်းပတ်များစွာကြာ တိုက်ပွဲတွေ အရှိန်မြင့်ခဲ့ပြီးနောက် စပင်ဘိုးဒက်နယ်စပ်မြို့ကို တာလီဘန်တို့ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာမှုအပေါ် အသုံးချပြီး ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့ကာ မယုံနိုင်‌လောက်အောင် မြန်ဆန်တဲ့နှုန်းထားတစ်ခုနဲ့ နယ်မြေဒေသတွေကို စီးနင်းသိမ်းပိုက်ထားခဲ့ပါတယ်။

အဆိုပါ အုပ်စုဟာ ယခုအခါ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့အကြား အဓိက နယ်စပ်ဖြတ်ကျော်နေရာတွေကို ထိန်းချုပ်ထားခဲ့ပြီဖြစ်ပါတယ်။

စပင်ဘိုးဒက်-ချာမန် နယ်စပ်ဖြတ်ကျော်နေရာဟာ အာဖဂန်နစ္စတန် တောင်ပိုင်းအတွက် အဓိကကျတဲ့ စီးပွားရေးအသက်သွေးကြောတစ်ခုဖြစ်ပါတယ်။

အဆိုပါ ကုန်းတွင်းပိတ်နိုင်ငံဟာ အယ်လ်မွန်နဲ့ သစ်သီးခြောက်တွေလိုမျိုး ယင်းရဲ့ စိုက်ပျိုးရေးထုတ်ကုန် အများအပြားကို ပြည်ပတင်ပို့ဖို့အတွက် အဆိုပါ အရေးပါတဲ့ ကုန်သွယ်မှုလမ်းကြောင်းကို မှီခိုနေရပါတယ်။ ဒါ့အပြင် ယင်းဟာ ပါကစ္စတန်ကနေ လာတဲ့ ကုန်ချောတွေအတွက် ၀င်ပေါက်တစ်ခုအဖြစ် ရှိနေပါတယ်။

ခုလိုမျိုး အဓိကကျတဲ့ နယ်စပ်ဖြတ်ကျော်နေရာကို ထိန်းချုပ်ထားနိုင်မှုက တာလီဘန်တို့အတွက် စီးပွားရေး ပွပေါက်တစ်ခု ရစေဖွယ်ရှိပြီး နေ့စဉ်နဲ့အမျှ အဆိုပါ ဖြတ်ကျော်နေရာကနေ ဖြတ်သန်းတဲ့ ထောင်နဲ့ချီတဲ့ ကားတွေကနေ အခွန်တွေ ကောက်ခံလို့ ရနိုင်မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်းပဲ အာဖဂန်နစ္စတန်အစိုးရတပ်တွေကလည်း အဆိုပါ အရေးပါတဲ့ စပင်ဘိုးဒက်မြို့ကို တာလီဘန်တို့လက်ကနေ ပြန်သိမ်းနိုင်ဖို့ ဇူလိုင် ၁၆ ရက်က စစ်ဆင်ရေးတစ်ခု လုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဇူလိုင် ၁၇ ရက်အထိ အဆိုပါ နယ်စပ်ဖြတ်ကျော်နေရာမှာ တာလီဘန်တို့ရဲ့ အလံတွေ လွှင့်ထူထားတာကို မြင်တွေ့နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly