ကသာမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ လူနေအိမ်ကို အကြောင်းမဲ့ပစ်ခတ် 

ကသာမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ လူနေအိမ်ကို အကြောင်းမဲ့ပစ်ခတ် 

ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း ကသာမြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဆိုင်ကယ်များဖြင့် လှည့်လည်ကာ ဆဲဆိုပြီး သေနတ်ပစ်ခတ်မှုများ ဇူလိုင်လ ၁၇ ရက် ညအချိန်တွင် ပြုလုပ်ကြောင်း ဒေသခံက မဇ္ဈိမကိုပြောသည်။ 

“ည ၁၀ နာရီကျော်လောက်က သူတို့ ဆိုင်ကယ်တွေမောင်းပြီး ရပ်ကွက်ထဲကို သေနတ်တွေနဲ့ ရမ်းပြီးပစ်နေတာ၊တစ်လမ်းလုံးကိုလဲ ဆဲဆိုသွားကြတာ၊ မိုးပေါ်ထောင်ဖောက်တာမျိုးမဟုတ်ဘူး၊ ဘာလို့ဆို ညီမတို့ရပ်ကွက်ထဲက အိမ်မှာဆို အိမ်ရှေ့မှာရပ်ထားတဲ့ဆိုင်ကယ်တစ်စီးကိုကျည်ဆံမှန်သွားတယ်” ဒေသခံကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကသာမြို့ ၌ ညအချိန်တွင် ထိုသို့ ဆိုင်ကယ်များဖြင့် သေနတ်ပစ်ဖောက်ခဲ့သည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ 

“လူတွေဘာတွေမှန်တယ်ဆိုတာတော့ မကြားမိသေးဘူး၊ သူတို့ဒီလိုမျိုးဆဲဆိုပစ်ခတ်နေတာ တစ်ပတ်လောက်တော့ရှိပြီ၊ ညကတော့အဆိုးဆုံးပဲ၊ တစ်နာရီလောက်ကြာမယ်ထင်တယ် သေနတ်သံတွေက မရပ်ဘူး၊ နှလုံးရောဂါရှိတဲ့လူကြီးတွေနဲ့ ကလေးငယ်တွေဆိုမလွယ်ဘူး၊ လန့်နေကြရတယ်” ဟု ဒေသခံကဆိုသည်။ 

ကသာမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများမရှိပဲ ယခုလို အကြောင်းမဲ့လိုက်လံပစ်ခတ်နေခြင်းသည် ပြည်သူများအား ကြောက်လန့်နေစေချင်တဲ့ စီမံချက်နှင့်လုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly