ကျီစုသုသာန်၏ အလောင်းစောင့်ချစနစ်က နေအိမ်များတွင်အလောင်းပုံနေ

ကျီစုသုသာန်၏ အလောင်းစောင့်ချစနစ်က နေအိမ်များတွင်အလောင်းပုံနေ

ဇူလိုင် ၁၇

နာရေးကားများ အချိန်ကြာမြင့်စွာ ရပ်နား၍အလောင်းများကို စောင့်ချနေရသဖြင့် အခြားအလောင်းများ သယ်ယူရန် အခက်အခဲများရှိလာကာ အိမ်‌တွင်အလောင်းများ ပုံသွားနိုင်ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်သည်။

“ ဒီလို စောင့်နေရတော့ အခြားအိမ်က အလောင်း‌တွေ ကျန်နေသေးတယ်။ ကျွန်တော်တို့ကို ဖုန်းဆက်ထားတယ်။ ပြန်လာယူပါမယ်လို့။ အခုလို ရောဂါကာလမှာ အိမ်မှာအလောင်းတွေ ဒီလိုထားတော့ မကောင်းဘူးပေါ့။ အလောင်းတွေလည်း ပုံသွားနိုင်တယ် ” ဟု မေတ္တာရှင်ရဲ့အစေခံနာရေးကူညီမှုအသင်း၏ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျီစုသုသာန်တွင် ဇူလှိုင် ၁၆ ရက်က သုသာန်အသွားလမ်းတွင် ရာနှင့်ချီသောအလောင်းများစုပုံခဲ့ရာက ယနေ့ ဇူလှိုင် ၁၇ တွင်  ချထွက်စနစ်ကို စောင့်ချစနစ်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သုသာန်တွင် အလောင်းများ ပုံမနေသော်လည်း သုသာန်လမ်းတစ်လျှောက် အလောင်းသယ်ယာဉ်များ ညနေပိုင်းထိ အရှိန်လျော့သွားခြင်း မရှိသည်ကို တွေ့ရသည်။

 “ ပြည့်နေတာပဲ။ ဘာလုပ်လို့ လုပ်ရမလဲ မသိတော့ဘူး ” ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက အခြားသူတစ်ဦးကို ပြောနေသည်။

သဂြိုလ်စက်တစ်လုံးလျှင် ကားနှစ်စီးကျ အလှည့်ကျစနစ်ဖြင့် ချရသော်လည်း ကားတစ်စီးကို အနည်းဆုံး ၁၅ မိနစ်ခန့် ကြာမြင့်နေရာ သုသာန်တွင် အလောင်းသယ်ယာဉ်များ ပုံထပ်သွားသည်။ ယာဉ်မှအလောင်း ချပြီးသည်နှင့် ဒုန်းဆိုင်းမောင်းထွက်သွားသည်ကို တွေ့ရသည်။ 

အလောင်းလာပို့သော နာရေးယာဉ်များထဲတွင် ယနေ့မှစရောက်လာသော အရိုးကုန်းလူမှုကူညီရေးအသင်းကဲ့သို့ ပရဟိတအဖွဲ့များစွာ ရှိသည်။ ညနေပိုင်းချိန်ထိ ပရဟိတအဖွဲ့ပေါင်း ၃၀ ကျော်ထိ ကူညီ‌ပို့ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

နေအိမ်မှ တက္ကစီဖြင့်အလောင်းသယ်ရသောဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံံ့လာသည်ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly