မြန်မာနိုင်ငံမှ အခွင့်သာတုန်း တတ်နိုင်သမျှ အမြန် ထွက်ခွာကြရန် နိုင်ငံသားများအား စင်ကာပူသံရုံး အကြံပြုတိုက်တွန်း 

မြန်မာနိုင်ငံမှ အခွင့်သာတုန်း တတ်နိုင်သမျှ အမြန် ထွက်ခွာကြရန် နိုင်ငံသားများအား စင်ကာပူသံရုံး အကြံပြုတိုက်တွန်း 

ဇူလိုင် ၁၇

မြန်မာနိုင်ငံ၌ လက်ရှိ ရောက်ရှိနေထိုင်သော စင်ကာပူနိုင်ငံသားများအနေဖြင့် အခွင့်သာတုန်း၌ တတ်နိုင်သမျှ အမြန် ထွက်ခွာသင့်ကြောင်း ရန်ကုန်ရှိ စင်ကာပူသံရုံးက အကြံပြုတိုက်တွန်းထားသည်။ 

မြန်မာနိုင်ငံတွင် ပိုမို ဆိုးဝါးလာသော လုံခြုံရေးနှင့် ကိုဗစ်-၁၉ အခြေအနေတို့ကို ကိုးကားပြီး စင်ကာပူနိုင်ငံသားများအနေဖြင့် ‘ပုံမှန်ကယ်ဆယ်ရေး လေယာဉ်များဖြင့် တတ်နိုင်သမျှ  အမြန် ထွက်ခွာကြရန်’ ဇူလိုင် ၁၅ ရက် အီးမေလ်တွင် သံရုံးက တိုက်တွန်းထားခြင်း ဖြစ်သည်။ 

“ကယ်ဆယ်ရေးလေယာဉ်တွေ ပုံမှန် ပျံသန်းနေဦးမလားဆိုတာ သံရုံးအနေနဲ့ အာမမခံနိုင်ဘူး၊ ခရီးထွက်မယ့်သူတွေအနေနဲ့ သူတို့ စိတ်ကြိုက် နေ့ရက်ကျမှ လွတ်လွတ်လပ်လပ် ဒီ နိုင်ငံက ထွက်ခွာနိုင်မယ်ဆိုတာကိုလည်း အာမမခံနိုင်ပါဘူး”ဟု ယင်း အီးမေးလ်တွင် ဖော်ပြထားသည်။ 

“နောက်ပိုင်းအချိန်တွေဆိုရင် စင်ကာပူနိုင်ငံသားတွေအတွက် နေရပ်ပြန်လည်ပို့ဆောင်ရေး လေယာဉ်ခရီးစဉ်တွေ စီစဉ်ပေးနိုင်တဲ့ အနေအထားမျိုး သံရုံးမှာ ရှိချင်မှ ရှိပါလိမ့်မယ်”ဟု ဆက်လက်ဆိုထားသည်။ 

မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေအကြောင်း အကျဉ်းချုပ် ဖော်ပြချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပ မြို့နယ် ခြောက်မြို့နယ်တွင် မတ် ၁၅ ရက်၌ မာရှယ်လော ကြေညာထားခဲ့ကြောင်း စင်ကာပူသံရုံးက ဆိုသည်။ 

ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးကဲ့သို့သော အရပ်သားအုပ်ချုပ်ရေးနှင့် ဥပဒေ ပုံစံအားလုံးသည် လက်ရှိ၌ ရပ်ဆိုင်းသွားပြီး စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည်။ 

အခြေအနေများ မတည်မငြိမ်ဖြစ်နေခြင်းအရ စင်ကာပူနိုင်ငံသားများအတွက် သံရုံးက အကြံပြုချက်များ ထုတ်ထားရာတွင် 

  • ဖြစ်နိုင်သမျှ စိတ်အေးအေးထားကာ အိမ်မှာပဲ နေကြရန်၊ ဆန္ဒပြခြင်းအတွက် အထင်မှားခြင်း မဖြစ်စေရန် လူစုလူဝေးကို ရှောင်ကြဉ်ရန်။ 
  • နေထိုင်ရာ မြို့နယ်ဒေသ၏ လက်ရှိ ကာဖျူးမိန့်ကို လိုက်နာရန်၊ ရန်ကုန်၌ ညမထွက်ရ ကာဖျူးအချိန်သည် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖြစ်သည်။ သို့ရာတွင် ကာဖျူး၏ ဥပဒေသက်ရောက်မှုက ကွဲပြားမှုရှိရာ အထူးသဖြင့် မာရှယ်လောအောက်က မြို့နယ်များတွင် နေထိုင်သူများအနေဖြင့် ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန်။ 
  • ရန်ကုန်၌ ပေါက်ကွဲမှုများ အဖြစ်များနေသည်ကို သတိထားကြပြီး အပြင်ထွက်ချိန်များ၌ ပတ်လည်ဝန်းကျင်ကို နိုးကြားသတိရှိရန်၊ တကယ်၍ သံသယဖြစ်စရာ တွေ့ပါက ယင်းနေရာမှ ချက်ချင်း ထွက်ခွာရန်။ 
  • နေအိမ်မှ ထွက်ခွာတော့မည်ဆိုရင် စစ်ဆေးရေး ဂိတ်များ၌ စစ်မေးခံရနိုင်ခြေကြောင့် ပတ်စ်ပို့ကို တစ်ပါတည်း ယူဆောင်သွားရန်၊ မိသားစုဝင်များ၊ မိတ်ဆွေများ ရောက်ရာနေရာကို အချိန်နှင့်အမျှ သိရှိထားရန်။ 
  • လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် တားမြစ်ခံရပါက လုံခြုံရေးအမှုထမ်းများ ညွှန်ကြားချက်အတိုင်း လိုက်နာ၍ မှတ်တမ်းမှတ်ရာ အားလုံးကို တင်ပြရန်။ 
  • အများပြည်သူ နေရာများတွင် လူ ငါးဦးထက်ပို စုရုံးမှုအားလုံးအား တားမြစ်ချက် အသက်ဝင်ဆဲဆိုသည်ကို သိရှိရန်။ 
  • ညအိပ်ဧည့်သည်များအကြောင်း ရပ်ကွက်စီမံအုပ်ချုပ်ရေးဥပဒေ လိုအပ်ချက်အရ ရပ်ကွက်ရုံးများသို့ အကြောင်းကြားရန်၊ ပျက်ကွက်ခဲ့ပါက ငွေဒဏ် ကျပ်ငွေ ၁၀၀၀၀ သို့မဟုတ် ထောင်ဒဏ် ခုနစ်ရက် ကျခံရမည် ဖြစ်သည်။ 
  • ဆူပူအကြမ်းဖက်မှုများ အရှိန်မြင့်ဖြစ်ပွားခြင်းများအတွက် အသင့်ရှိနေရန်၊ မိုဘိုင်းဖုန်းအား အားသွင်းထားပြီး power bank ဆောင်ထားရန်၊ အစားအစာနှင့် လိုအပ်ပစ္စည်းများကို အနည်းဆုံး နှစ်ပတ်စာ စုဆောင်းထားရန်၊။ 
  • credit card များ ဝန်ဆောင်မှု ရနိုင်ဖွယ် မရှိခြင်းကြောင့် အရေးပေါ် နိုင်ငံမှ ထွက်ခွာနိုင်ရန်အတွက် လုံလောက်သော ငွေကြေး အသင့်ဆောင်ထားရှိနေစေရန်၊ မြန်မာနိုင်ငံတွင် overstay နေထိုင်နေသူများအနေဖြင့်မူ လေဆိပ်တွင် ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိသည်။ ဒဏ်ကြေးနှုန်းထားမှာ overstay နေထိုင်သည့် တစ်ရက်မှ ရက် ၉၀ အတွင်း တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာဖြစ်ပြီး ရက် ၉၀ ထက် ပိုလွန်နေထိုင်သူများမှာ တစ်ရက်ကို ဒေါ်လာ ၅ ဒေါ်လာဖြစ်သည်။ အာဏာပိုင်များက ဒဏ်ငွေကို ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာဖြင့်သာ လက်ခံမည် ဖြစ်သည်။ 
  • ပြည်တွင်းသတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်ရန်၊ ဒေသအာဏာပိုင်များ၏ ညွှန်ကြားချက်များကို အလေးဂရုပြုရန်၊ အခြေအနေက မငြိမ်သက်သေးဆဲဖြစ်၍ စည်းမျဉ်းသစ်များ ကြေညာလာဖွယ်ရှိနေသည်။ 

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ အခြေအနေနှင့် ပတ်သက်ပြီးလည်း လက်ရှိတွင် ‘အလွန်တရာ ပြင်းထန်ဆိုးဝါးနေသည်’ဟု စင်ကာပူသံရုံးက ပြောပြီး ကူးစက်မှု ပိုမြန်သော ဗိုင်းရပ်စ်မျိုးကွဲများ နိုင်ငံတစ်ဝန်း ပြန့်နှံ့ဖြစ်ပွားနေပြီး ရန်ကုန်တွင် ‘ကြီးမားစွာ ကူးစက်မှု’ ရှိနေသည်ဟု ဆိုသည်။ 

“ကျန်းမာရေးစနစ်ဟာ အပြည့်အဝ ဝန်ဆောင်နိုင်မှု အဆုံးကို ရောက်သွားပြီ၊ ကုသစောင့်ရှောက်ပေးမှု ရရှိဖို့အတွက် ရှည်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရတယ်”ဟု ယင်းက ဆိုသည်။ 

“ရန်ကုန်က အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ အထူးကြပ်မတ်ကုသဆောင် ဒါမှမဟုတ် ကိုဗစ်-၁၉ လူနာကုတင်တွေ လက်ရှိမှာ မရနိုင်တော့ဘူး၊ အခြေခံ ဆေးဝါးတွေနဲ့ အောက်ဆီဂျင်ထောက်ပံ့မှုလည်း ဈေးကွက်မှာ အတော်လေး ရှားပါးပြတ်လပ်နေတယ်”ဟု စင်ကာပူသံရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

ရောဂါအခံရှိသော စင်ကာပူနိုင်ငံသားများအနေဖြင့် ဖြစ်နိုင်သမျှ မြန်မာနိုင်ငံတွင်းမှ ထွက်ခွာရေးကို အလေးအနက်စဉ်းစားရန်လည်း အကြံပြုထားသည်။ 

လက်ရှိတွင် ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၅ ရက်အထိ အစိုးရရုံးပိတ်ရက်များအဖြစ် ကြေညာထားရာ နောက်ထပ် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly