ဘားအံက အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး စစ်ကောင်စီနဲ့ ပါတ်သတ်လို့ ဝေဖန်ခံရ

ဘားအံက အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး စစ်ကောင်စီနဲ့ ပါတ်သတ်လို့ ဝေဖန်ခံရ

ဇူလိုင် ၁၇

ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး အလှူငွေများအား စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ စက်ရုံအတွက် အလှူငွေလှူလိုက်ကြောင်း သတင်းများပြန့်နှံ့ကာ ဝေဖန်မှုများပြားလျှက်ရှိသည်။ 

စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းခြင်းသည် မဟုတ်မှန်ကြောင်း ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး ကော်မတီဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

“ဒီအဖွဲ့မှာကျွန်တော်ပါတယ်၊ ကျွန်တော်တို့မြို့မိမြို့ဖအဖွဲ့တွေက ဒီစက်ဖြစ်မြောက်ရေးအတွက် အလှူခံကြတယ်၊ နှစ်ရက်လောက်အတွင်းမှာ စက်ဖိုးရသွားတယ်၊ စက်ဖိုးက သိန်း ၇၅၀ လောက်ကျတယ်၊ စရံငွေ သိန်း ၃၀၀‌ ပေးပြီးမှာလိုက်တယ်၊ အလှူခံဌာနကို အလှူငွေတွေက ဆက်ဝင်နေတယ်၊ အဲ့တော့ငွေတွေပိုလာတယ်၊ ဘားအံမှာကလဲ အောက်ဆီဂျင်လိုအပ်ချက်က ဖြစ်လာပြီ၊ အောက်ဆီဂျင်အိုးကို ဆက်ပြီးဝယ်ကြဖို့ စီစဉ်တယ်၊ မြန်မာပြည်မှာလဲ အိုးက ဝယ်ဖို့ဘယ်မှာမှ သိပ်အဆင်မပြေဘူး၊ ထိုင်းဘက်ကိုထပ်မှာတယ်” ဟု သူကဆိုသည်။ 

ထိုရက်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး အဖွဲ့မှ မြို့မိမြို့ဖများသို့ ဆက်သွယ်လာပြီး အောက်ဆီဂျင်အိုးများ ခွဲတန်းချပေးမည်ဖြစ်ကြောင်း ပြောကြားလာသည်ဟု အဆိုပါ ကော်မတီဝင်ကဆိုသည်။ 

“ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဖုန်းဆက်လာတယ်၊ သူတို့တဲ့ အောက်ဆီဂျင်အိုး အလုံး ၃၀၀ မှာထားတယ်တဲ့၊ အဲ့ဒီထဲကနေ ၁၅၀ ကို မြို့မိမြို့ဖအသင်းကိုတဲ့ ခွဲပေးမယ်တဲ့ ယူမလားတဲ့၊ အဲ့တာနဲ့ကျွန်တော်တို့ကလဲ၊ အောက်ဆီဂျင်အိုးလွယ်လွယ်ကူကူရတယ်ဆိုတော့ ယူမယ်ဆိုပြီး သူတို့ကို တစ်လုံး ၃ သိန်းနဲ့ အလုံး၁၅၀ သိန်း ၄၅၀ ကိုသူတို့ကိုသွားပေးလိုက်တယ်၊ သွားပေးတဲ့အထဲတော့ကျွန်တော်မပါဘူး၊ အဖွဲ့ထဲကသူတစ်ချို့သွားကြတာ ဘယ်လိုပုံစံမျိုးပေးခဲ့ရလဲတော့ သေချာမပြောနိုင်ဘူး၊ နောက်တော့ခုလိုသတင်းတွေတက်လာတာပဲ ၊ စစ်ကောင်စီဘက်က အောက်ဆီဂျင်စက်ရုံဆောက်ဖို့လှူတယ်ဆိုပြီး” ဟုသူကဆိုသည်။ 

“ကျနော်တို့သည် ကရင်ပြည်နယ်အတွင်းရှိမြို့နယ်များဖြစ်သည့် ကျနော်တို့သွားရောက်၍မရနိုင်သော သံတောင်ကြီး/သံတောင်လေး/လိပ်သို/ဘော်ကလိ/ဖာပွန်/ကမမောင်းစသည့်မြို့နယ်များတွင်အောက်ဆီဂျင်လိုအပ်ချက်ရှိနေသည်ကို ခွဲဝေလှူဒါန်းရန် အကြောင်းကြားလာပါသဖြင့် 
အိုး ၁၅၀ ခွဲဝေပြီးပေးပို့လှူဒါန်းပေးရန်စီစဉ်ရခြင်းဖြစ်ပါသည် ။

(၁၅၀ * ၃၀၀၀၀၀= ၄၅၀ ၀၀ ၀၀၀/-)သိန်းလေးရာငါးဆယ်ကျပ်ကို အောက်ဆီဂျင်အိုးများအပေါ်တွင် (ဘားအံမြို့သူ/မြို့သားများအလှူ)ဟုတံဆိပ်ရိုက်နှိပ်ပြီး လှူဒါန်းရန်အတွက်သာ ဖြစ်ပါသည်။အစိုးရအဖွဲ့မှ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရန် လှူဒါန်းခြင်း လုံးဝ လုံးဝမဟုတ်ပါ။” ဟု ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး လူမှုကွန်ယက်စာမျက်နှာမှ ရှင်းလင်းရေးသားထားသည်။ 

ထိုရှင်းလင်းချက်အောက်တွင် အလှူရှင်အချို့က အကြမ်းဖက်စစ်ကောင်စီနှင့် ပါတ်သတ်မှုပြုလုပ်ခဲ့မှုအပေါ် သဘောမတူနိုင်ကြောင်းဝေဖန်ရေးသားကြသလို အလှူရှင်တစ်ဦးကလဲ ခုလိုဆိုသည်။ 

“အစက ညီမတို့ သိထားတာက ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံဆောက်မယ်ပဲ သိထားတာ အစ်ကိုရယ်.. ခုကျ သူတို့က ပြည်နယ်စကစကို သွားလှူလိုက်တော့ တစ်ဖက်လှည်နဲ့ နားလှည့်ပါးရိုက်သွားသလိုပဲ...သူတို့ Pageမှာတော့ရှင်းထားတယ်၊ ပိုက်ဆံပဲ သိန်း ၄၅၀ ပေးလိုက်တာဆိုတော့... အဲ့ပိုက်ဆံတွေက အောက်စီဂျင်အိုးဝယ်မဝယ်လဲ ဘယ်သူမှမသိနိုင်ဘူး..၊ကော်မတီထဲကလူတွေကိုတော့ ဖုန်းဆက်မေးမကြည့်ဖြစ်သေးဘူး၊ အသိကတစ်ဆင့်ပဲ မေးကြည့်တော့ သူတို့လဲ သေချာမသိဘူးဖြစ်နေတာ... တစ်ချို့ကတော့ တိုက်ရိုက်ဖုန်းဆက်ပြီးပြန်တောင်းကြတယ်တဲ့၊ စစ်ကောင်စီနဲ့တော့ မပါတ်သက်စေချင်ဘူးပေါ့... အဲ့လိုပါတ်သက်ရမယ်မှန်းသိရင် အစထဲကမလှူဘူး” ဟု ဘားအံမြို့ပေါ်တွင်နေထိုင်သူ အလှူရှင်တစ်ဦးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required