ကျီစုသုသာန်တွင် နာရေးပို့သောကားများ တန်းစီပြည့်လို့နေ၊ အလောင်းများစုပုံခြင်းမရှိတော့

ကျီစုသုသာန်တွင် နာရေးပို့သောကားများ တန်းစီပြည့်လို့နေ၊ အလောင်းများစုပုံခြင်းမရှိတော့

ဇူလိုင် ၁၇

ရန်ကုန် ကျီစုသုသာန်တွင် သေဆုံးသူများအား မီးသဂြိုလ်သည့်ပုံစံနှင့်ပတ်သက်၍ ယနေ့ အပြောင်းအလဲလုပ်လိုက်သဖြင့် အလောင်းများစုပုံခြင်းမရှိတော့သော်လည်း သုသာန်လမ်းတစ်လျှောက် နာရေးလာပို့သောကားများ တန်းစီလို့နေသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သုသာန်တွင် ယခင်နေ့များကကဲ့သို့ အလောင်းများလာချထားစေခြင်းမပြုတော့ဘဲ နာရေးကူကားများအား "ချထွက်" စနစ်မှ " စောင့်ချ"စနစ်သို့ ပြောင်းလိုက်သည်။ တန်းစီးထားသောကားတန်းရှေ့တွင် ယာယီတိုးဂိတ်ပြုလုပ်၍ တစ်ကြိမ်မီးသဂြိုလ်လျှင် ကားနှစ်စီးနှုန်းဝင်ခွင့်ရသည်။ 

ကျီစုသုသာန်တွင် မီးသဂြိုလ်စက်နှစ်ခုရှိကာ စင်တစ်ခုလျှင် ကားနှစ်စီးကျ အလှည့်ကျစနစ်ဖြင့် မီးသဂြိုလ်ပေးသည်ကို တွေ့ရသည်။ သို့သော်လည်း ကားတန်းမှာ အဆက်မပျက်သွားပေ။

“ ဒီပုံစံအတိုင်းဆိုရင် ညနေမှောင်တော့မှာပဲ ” ဟု နာရေးလာပို့သူတစ်ဦးက ပြောသည်။ 

 ရွှေသန်လျှင်နာရေးကူညီမှုအသင်းက ပရဟိတသမားတစ်ဦးကတော့ “ မနေ့ကထက်တော့ ပိုအဆင်ပြေပါတယ်။ မနေ့က ကားတွေကဝင်ပြီး ဒီတိုင်းထားခဲ့တော့ သေဆုံးသူတွေ ထပ်သွား‌တာပေါ့ ” ဟုဆိုသည်။ 

ယခုသတင်းပေးပို့ချိန်ထိ နာရေးလာပို့သောကားပေါင်း ၃၀၀ ‌နီးပါးထိ ရှိနေပြီဖြစ်သည်။ 

ယခင်ရက်များကတော့ သုဿန်တွင် တန်းစီပြည့်နေသော အလောင်းများကိုတွေ့ရသည်။ ကိုဗစ်-၁၉ တတိယလှိုင်းရိုက်ခတ်ချိန်တွင် သေဆုံးသူမှာ သိသိသာသာမြင့်တက်ခဲ့ရာ အောက်ဆီဂျင်ပြတ်တောက်မှုက အဓိကကျခဲ့သည်။

ရန်ကုန်ရှိ ရေဝေး၊ ထိန်ပင်၊ ကျီစုစသော သုသာန်ကြီးများတွင် သဂြိုလ်ရသူ အနည်းဆုံး တစ်နေ့ ၆၀၀ ကျော်ထိရှိလာနေခဲ့ပြီး အများစုမှာ အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်ဖြစ်သည်ဟု နာရေးနာပို့ကြသော ပရဟိတအသင်းများအပြောအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly