ထိုင်းဆေးရုံက ရင်ခွဲရုံ နေရာမလောက်လို့ သင်္ဘောကွန်တိန်နာတွေ ငှားရမ်းပြီး ရုပ်အလောင်းတွေ ထားရှိ 

ထိုင်းဆေးရုံက ရင်ခွဲရုံ နေရာမလောက်လို့ သင်္ဘောကွန်တိန်နာတွေ ငှားရမ်းပြီး ရုပ်အလောင်းတွေ ထားရှိ 
Photo - AFP

ဇူလိုင် ၁၇

ကိုဗစ်-၁၉ ဘေး မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ သေဆုံးသူ တိုးများလာနေတာကြောင့် ရင်ခွဲရုံတွေ နေရာမကျန်ဖြစ်ရတာမို့ ဘန်ကောက်ရဲ့ အနီး ပထုံဌာနီပြည်နယ်က သမ်မာဆတ်ဆေးရုံဟာ ကိုဗစ်ကြောင့် သေဆုံးရုပ်အလောင်းတွေကို ထားရှိဖို့ သင်္ဘောကွန်တိန်နာတွေကို ငှားရမ်းထားရပါတယ်။ 

“ကျွန်တော်တို့ဆီမှာ ကိုဗစ်ရုပ်အလေင်းတွေ များနေတယ်၊ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း ကွာရန်တင်းဝင်နေကြရတာကြောင့် အလောင်းတွေ လာမထုတ်နိုင်ကြဘူးလေ၊ ဒါကြောင့် သမ်မာဆတ်ဆေးရုံ ရင်ခွဲရုံမှာ နေ့စဉ် ရုပ်အလောင်းတွေ များများလာနေတော့တယ်”လို့ သမ်မာဆတ်ဆေးရုံ၊ မူခင်းဆေးပညာဌာန ညွှန်ကြားရေးမှူး ပီပတ်ချိုတီသမ်က ပြောပါတယ်။ 

“ကျွန်တော်တို့ ရင်ခွဲရုံမှာက အလောင်းထည့်တဲ့ အဆင့် ၁၀ ခုပဲ ရှိတယ်၊ ရုပ်အလောင်းတွေ ရောက်ရောက်လာတော့ မနိုင်တော့ဘူး၊ နေရာ မလုံလောက်တော့ဘူး၊ များသထက်များလာတဲ့ ရုပ်အလောင်းတွေအတွက် နောက်ထပ် နေရာ လိုအပ်လာတော့တာပဲ”ဆိုပြီး သူက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ပိုပြီး ကူးစက်မြန်တဲ့ Delta ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကို ထိန်းချုပ်နိုင်ရေးအတွက် ရုန်းကန်နေရလျက် ရှိတာပါ။ ကူးစက်ဖြစ်ပွားမှုရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ Delta မျိုးကွဲကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက လက်ရှိမှာ ထုတ်ပြန်ထားပါတယ်။ 

“ကွန်တိန်နာတစ်လုံးမှာ အလောင်း ၁၂ လောင်းလောက်ထားနိုင်တယ်၊ ကိုဗစ်ရုပ်အလောင်းချည်း ထားမှာတော့ မဟုတ်ဘူးပေါ့၊ ကိုဗစ်-၁၉ ကူးစက်မှုဘေးမှာ ဆေးရုံကလည်း ဝန်ပိနေတာကြောင့် သာမန်ရောဂါကြောင့် အသက်မကယ်နိုင်တဲ့သူတွေကလည်း များနေတယ်မဟုတ်လား”လို့ အသက် ၄၃ နှစ်အရွယ်ပီပတ်ချိုတီသမ်က ဆိုပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဖြစ်များတဲ့ ဘန်ကောက်နဲ့ ပြည်နယ် ကိုးပြည်နယ်မှာ ညမထွက်ရ ကာဖျူးအမိန့်နဲ့ လူငါးဦးထက် ပိုမစုရုံးရ အပါအဝင် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ပြီးခဲ့တဲ့ တနင်္လာနေ့ကစလို့ စတင်ချမှတ်ထားတာ ဖြစ်ပါတယ်။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း အရှိန်မြင့်တာကြောင့် ည ၉ နာရီကနေ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရ  ကာဖျူးမိန့် ပြဋ္ဌာန်းထားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေဟာ ည ၉ နာရီထိုးတာနဲ့ ပိတ်ရတာ ဖြစ်ပါတယ်။ စူပါးမားကက်တွေ၊ စားသောက်ဆိုင်တွေ၊ ဘဏ်တွေ၊ ဆေးပေးခန်းတွေနဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေကလွဲလို့ အခြား ဆိုင်တွေပါ ပိတ်ကြရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းမှာ အစိုးရက တစ်နိုင်ငံလုံး ကာဖျူးမိန့် ချမှတ်လို့ လူအုပ်လိုက် ကူးစက်မှုတွေ မရှိဘဲ ၂၀၂၀ ရဲ့ အချိန်တော်တော်များများကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ‌တော့ ကူးစက်မှု မြင့်တက်တာကို ရင်ဆိုင်ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ်။ 

ကာကွယ်ဆေး ထိုးနှံရေး နှေးကွေးတာနဲ့ စမ်းသပ်စစ်ဆေးမှုတွေမှာ အကန့်အသတ်နဲ့ပဲ ဆောင်ရွက်ပေးနိုင်တာတွေအပြင် စီးပွားရေး စီမံခန့်ခွဲမှုတွေအတွက် ထိုင်းအစိုးရဟာ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဟာ ၁၉၉၇ အာရှစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးဆုံး အခြေအနေ ဆိုက်ရောက်နေတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly