လက်နက်ကုန်သွယ်မှုအပေါ် အမေရိကန်က မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့

လက်နက်ကုန်သွယ်မှုအပေါ် အမေရိကန်က မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့

ဝါရှင်တန်၊ ဒီဇင်ဘာ - ၉ ။           ။ မြောက်ကိုရီးယား လက်နက်ပျံ့ပွားမှုနှင့် ဆက်နွယ်နေသည့် လူပုဂိုလ် ၆ယောက်နှင့် ကုမ္ပဏီများကို အမေရိကန်ပြည်ထောင်စုက ဒီဇင်ဘာ ၈ရက်နေ့တွင် ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လက်နက်ကုန်သွယ်မှုတွင် ပါဝင်နေသည်ဟု ယူဆရသည့် မြောက်ကိုရီးယား၏ Strategic Rocket Force၊ ဘဏ်နှစ်ခုနှင့် သင်္ဘောတင်ကုမ္ပဏီ သုံးခုတို့ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပစ်မှတ်ထားခံရသည့် ကုမ္ပဏီများထဲတွင် မြောက်ကိုရီးယား၏ လက်နက်တင်ပို့မှုများအတွက် တာဝန်ရှိသည့် Korea Mining and Development Trading Corporation ၏ ဘဏ္ဍာရေးလက်ရုံး တစ်ခုဖြစ် သည့် Tanchon စီးပွားရေးဘဏ်လည်း ပါဝင်နေသည်ဟု ဆိုသည်။

နှစ်ဦးက ဆီးရီးယားတွင် အခြေစိုက်ပြီး၊ အခြားနှစ်ဦးက ဗီယက်နမ်တွင် အခြေစိုက်သည့် ဘဏ်၏ ကိုယ်စားလှယ် ၅ဦးမှာလည်း ဒဏ်ခတ်ပိတ်ဆို့ခံရသည်ဟု ဆိုသည်။ မြောက်ကိုရီးယား၏ ပင်မ နိုင်ငံခြားငွေလဲဘဏ်ဖြစ်သည့် နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ရုရှအခြေစိုက် မြောက်ကိုရီးယားကိုယ်စားလှယ်မှာလည်း နာမည်ပျက်စာရင်း အသွင်းခံရသည်ဟု ဆိုသည်။

ဒဏ်ခတ်ပိတ်ဆို့မှုများက အမေရိကန်နိုင်ငံသား (သို့မဟုတ်) ကုမ္ပဏီများကို နာမည်ပျက်စာရင်းသွင်းထားသည့် လူပုဂိုလ်၊ ကုမ္ပဏီများနှင့် အရောင်းအဝယ်လုပ်ခြင်းကို တားမြစ်ထားသကဲ့သို့ ၎င်းတို့ပိုင် အမေရိကန်အခြေစိုက် ဓနဥစ္စာများကိုလည်း စီးဆင်းခွင့် ပိတ်ပင်သွားမည်ဖြစ်သည်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို ချဲ့ထွင်ပြီး အဖျက်စွမ်းအားကြီးတဲ့ လက်နက်တွေနဲ့ သမရိုးကျလက်နက်တွေကို ဆက်လက်ပျံ့ပွားစေခြင်းအားဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဟု အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးထောက်လှမ်းရေး ယာယီလက်ထောက်အတွင်းဝန် အဒမ် ဇူဘင်က ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက မြောက်ကိုရီးယားရဲ့ ကမ္ဘာနဲ့အဝန်း လက်နက်ပျံ့ပွားရေး ကွန်ရက်ကို ဖွင့်ချပြီး နိုင်ငံတကာ ဘဏ္ဍာရေးအသိုင်းအဝိုင်းထဲက ဖယ်ထုတ်သွားဖို့ သန္နိဌာန်ချထားတယ်ဟု ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ Strategic Rocket Forceကိုမူ ၂၀၁၄ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သောကြောင့် ဒဏ်ခတ်ပိတ်ဆို့ရခြင်းပင် ဖြစ်သဝည်။ အခြား နာမည်ပျက် စာရင်းသွင်းခံခဲ့ရသည့် သင်္ဘောတင်ကုမ္ပဏီ ၃ခုကိုမူ လက်နက်များကို သယ်ပို့ပေးမှုဖြင့် ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly