လူမှုမီဒီယာမှ ကိုဗစ်သတင်းမှားတွေက ‘လူတွေကို သတ်ဖြတ်နေ’ လို့ သမ္မတ ဂျိုးဘိုင်ဒင် ပြော 

လူမှုမီဒီယာမှ ကိုဗစ်သတင်းမှားတွေက ‘လူတွေကို သတ်ဖြတ်နေ’ လို့ သမ္မတ ဂျိုးဘိုင်ဒင် ပြော 
Photo - AFP

ဇူလိုင် ၁၇

ကိုဗစ်-၁၉ နဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ လူမှုမီဒီယာက သတင်းမှားတွေဟာ ‘လူတွေကို သတ်ဖြတ်နေကြောင်း’ သမ္မတ ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ ပြောပါတယ်။ 

“ဒီ သတင်းမှားတွေက လူတွေကို သတ်နေတယ်၊ ကျွန်တော်တို့မှာ ကာကွယ်ဆေး မထိုးသူတွေကြားမှာပဲ ကပ်ဘေး ရှိတော့တယ်၊ လူမှုမီဒီယာ သတင်းမှားတွေကတော့ လူတွေကို သတ်နေတုန်းပဲ”လို့ Camp David ရှိ သမ္မတအိမ်ရာဆီ စနေ၊ တနင်္ဂနွေအတွက် သွားရောက်ဖို့ အိမ်ဖြူတော်က ထွက်ခွာချိန်မှာ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ တမင်ဖန်တီးတဲ့ မမှန်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေတယ်လို့ တာဝန်ရှိသူတွေက ပြောကြပြီး ဒီလို လုပ်ကြံသတင်းမှားတွေကို ဖယ်ရှားရှင်းလင်းဖို့ အထူးသဖြင့် ဖေ့ဘုတ်အပါအဝင် လူမှုမီဒီယာ ကုမ္ပဏီကြီးတွေကို အိမ်ဖြူတော်က ဖိအားပေးလျက် ရှိနေပါတယ်။ 

နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ၊ နာမကျန်းဖြစ်သူတွေဟာ ကာကွယ်ဆေး မထိုးရသေးတဲ့ သူတွေကြားမှာပဲ ဖြစ်နေသလောက်နီးပါး ရှိနေတာဖြစ်ကြောင်း အမေရိကန်ကျန်းမာရေးတာဝန်ရှိသူတွေအရ သိရပါတယ်။ 

“ရှင်းလင်းသေချာတာကတော့ လာမယ့်အချိန်တွေမှာ ကာကွယ်ဆေး မထိုးသူတွေကြားမှာပဲ ကပ်ဘေး ဖြစ်လာနေတော့မယ်ဆိုတာပါပဲ”လို့ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာမှ ညွှန်ကြားရေးမှူး ရိုချယ်ဝဲလန်စကီးက သတင်းထောက်တွေကို သောကြာနေ့မှာ ပြောပါတယ်။ 

အမေရိကန်နိုင်ငံတစ်လွှားမှာ ကာကွယ်ဆေး အလွယ်တကူ ထိုးနှံနိုင်နေပေမယ့် ထိုးနှံခံဖို့ ငြင်းကြသူအများစုက ဆေးအပေါ် မယုံကြည်လို့ ဖြစ်ကြောင်း ပြောကြပါတယ်။ ကာကွယ်ရေး ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အွန်လိုင်းကနေ သတင်းမှား ဖြန့်ဝေမှုတွေနဲ့ ကာကွယ်ဆေး ထိုးနှံခြင်းဟာ အစိုးရက ပြည်သူတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ တစ်စိတ်တစ်ဒေသပဲ ဖြစ်တယ်လို့ ရီပတ်ဘလီကန်နိုင်ငံရေးသမားတွေရဲ့ ပြောဆိုချက်တွေကြောင့် ဒီလို သံသယတွေ ဝင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

ဖေ့ဘုတ်နဲ့ အခြား လူမှုမီဒီယာတွေဟာ လုံလောက်အောင် အားထုတ်မှု မရှိဘူးဆိုပြီး အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ယန်းဆာကီက ပြောပါတယ်။ 

“မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ကျိန်းသေ ရရှိဖို့အတွက် အားလုံးပါဝင်ရေးက အရေးကြီးပါတယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly