တရုတ်နှင့် တင်းမာနေချိန် ပစိဖိတ်ဒေသဆီ F-22 ကိုယ်ပျောက်တိုက်လေယာဉ်ဒါဇင်များစွာ စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန် ပို့လွှတ်

တရုတ်နှင့် တင်းမာနေချိန် ပစိဖိတ်ဒေသဆီ F-22 ကိုယ်ပျောက်တိုက်လေယာဉ်ဒါဇင်များစွာ စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန် ပို့လွှတ်

ဇူလိုင် ၁၇

အမေရိကန်လေတပ်သည် စစ်ရေးလေ့ကျင့်မှုတစ်ရပ်အတွက် F-22 ကိုယ်ပျောက်တိုက်လေယာဉ် နှစ်ဒါဇင်ကျော်ထက်မနည်းကို အနောက် ပစိဖိတ်ဒေသဆီ ယခုလအတွင်း ပို့လွှတ်လျက် ရှိနေရာ စွမ်းရည်ပြည့် ယင်း ဂျက်လေယာဉ်များအား ထူးခြားစွာ ကြီးကြီးမားမား အသုံးချလာခြင်းက တရုတ်၏ ဘက်ပြိုင်ပြုမှုအား ပြင်းထန်သည့် သတင်းစကားပါးလိုက်ခြင်းပဲ ဖြစ်သည်ဟု အကဲဖြတ်များက ဆိုကြသည်။

Hawaii Air National Guard နှင့် အလက်စကာရှိ Joint Base Elmendorf-Richardson လေတပ်စခန်းတို့မှ F-22s Raptors ၂၅ စင်းခန့်ကို ၂၀၂၁ ပစိဖိတ်သံမဏိ စစ်ဆင်ရေး Operation Pacific Iron 2021 စစ်ရေးလေ့ကျင့်မှုအတွက် ဂူအမ်ကျွန်းနှင့် တီနီအန်ကျွန်းများဆီ စေလွှတ်ဖြန့်ကြက်မည်ဖြစ်ကြောင်း ဟာဝိုင်ယီရှိ ပစိဖိတ်လေတပ်တပ်ဖွဲ့က ယခု သီတင်းပတ်အတွင်း ပြောထားခဲ့သည်။

“စစ်ဆင်ရေးတွေအတွင်း ပစိဖိတ်လေတပ်တပ်ဖွဲ့ ဧရိယာမှာ ဒီလောက်များများစားစား F-22 တိုက်လေယာဉ်တွေကို ကျွန်တော်တို့ တစ်ခါမှ မဖြန့်ကြက် မချထားဖူးဘူး”ဟု ပစိဖိတ်လေတပ်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ကင်ဝဲလ်စဘတ်ရှ်က CNN သို့ ပြောသည်။

F-22 လေယာဉ်များသည် ပဉ္စမမျိုးဆက် တိုက်ပွဲဝင် ဂျက်လေယာဉ်များဖြစ်ကြပြီး ကမ္ဘာတွင် ခေတ်အမီဆုံး တိုက်လေယာဉ်များ ဖြစ်သည်။ ကိုယ်ပျောက်နည်းပညာများနှင့်အတူ တိုက်ပွဲနယ်မြေအား လေယာဉ်မှူးများ အသေးစိတ် မြင်နိုင်ရန် ယာဉ်ပေါ်ပါ အာရုံခံစနစ်ကို မြေပြင် သတင်းအချက်အလက်စနစ်နှင့် ချိတ်ဆက်ထားသည်။ အမေရိကန် F-35 တိုက်လေယာဉ်များမှာလည်း အလားတူ လေယာဉ်များ ဖြစ်သည်။

စစ်ရေးလေ့ကျင်မှုအတွက် F-22 တိုက်လေယာဉ်များ အရေအတွက်များများ ထည့်သုံးလာခြင်းသည် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်ကဲ့သို့ ပစိဖိတ် အခြေအနေဆိုးနှင့်ပတ်သက်ကာ ဆက်ဆံရေး တင်းမာနေချိန် တရုတ်အား တိုက်ရိုက်သတင်းစကား ပါးလိုက်ခြင်းပဲ ဖြစ်သည်ဟု ဟာဝိုင်ယီအခြေစိုက် စစ်ရေးသုတေသီ ကားလ်ရှူးစတားက ပြောသည်။ ကားလ်ရှူးစတားသည် အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်၏ ပူးတွဲ ထောက်လှမ်းရေးစင်တာမှ စစ်ဆင်ရေး ညွှန်ကြားရေးမှူးဟောင်းတစ်ဦးလည်း ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုများ၌ F-22 များကို ပုံမှန် ထည့်သွင်းအသုံးပြုသည်မှာ ခြောက်စင်းမှ ၁၂ စင်းသာ သုံးလေ့ရှိကြောင်း ၎င်းက ဆိုသည်။

“ပစိဖိတ်လေတပ်တပ်ဖွဲ့ဟာ ပဉ္စမမျိုးဆက် လေယာဉ်တွေ တရုတ်မှာ ရှိထားတာထက်ပိုပြီး များများစားစား ဖြန့်ကြက်နိုင်စွမ်းကို ပြသရင်း ခပ်ပြတ်ပြတ် သတိပေးလိုက်တာမျိုးပါပဲ”ဟု ၎င်းက ဆိုသည်။

တရုတ်လေတပ်တွင် တပ်တော်ဝင် ပဉ္စမမျိုးဆက် တိုက်လေယာဉ် ၂၀ မှ ၂၄ စင်းခန့်သာ ရှိကြောင်း ရှူးစတားက ပြောသော်လည်း တရုတ်၏ စွမ်းဆောင်နိုင်စွမ်းများက တဟုန်ထိုး တိုးတက်ကောင်းမွန်လာနေသည်ဟူ၍တော့ မှတ်ချက်ချသည်။

အမေရိကန်လေတပ်တွင် ၎င်း၏ တပ်စုများအတွင်း F-22 တိုက်လေယာဉ် အစင်းရေ ၁၈၀ ခန့်ရှိပြီး ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်များကြောင့် တစ်ချိန်တည်းတွင် မစ်ရှင်ဆောင်ရွက်နိုင်သော အစီးရေမှာ ထက်ဝက်ခန့်သာ ရှိသည်ဟု လေတပ်စာရင်းဇယားများအရ သိရသည်။ ထိုအတွက် ပစိဖိတ်သံမဏိ စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်သည် မစ်ရှင်ဆောင်ရွက်နိုင်စွမ်း ရှိသော F-22 တိုက်လေယာဉ်များ၏ ၂၅ ရာခိုင်နှုန်းခန့်ကို စေလွှတ်ရမည်ဖြစ်သည်။

ရေဒါထောက်လှမ်းမှုမှ ရှောင်လွှဲနိုင်စွမ်းကြောင့် F-22 တိုက်လေယာဉ်များမှာ မည်သည့် စစ်ပွဲတွင်မဆို ပထမဆုံး ထုတ်သုံးမည့် လက်နက်များကြားတွင် ပါဝင်လိမ့်မည် ဖြစ်ပြီး အခြားသော မစ်ရှင်များကြားတွင် ရန်သူ၏ လေကြောင်းကာကွယ်ရေးအား အမှတ်အသား ပြုခြင်းများပါ ဆောင်ရွက်နိုင်သည်။

“အမေရိကန်ဟာ ထိပ်တိုက်တွေ့မှုကြီး တစ်ခု ဒါမှမဟုတ် စစ်ပွဲတစ်ပွဲ ဖြစ်လာရင် F-22 ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့အတွက် တက်တက်ကြွကြွ လက်တွေ့ကျင့်နေတာ ဖြစ်တယ်။ တရုတ်ကို အမေရိကန်ဟာ အတော်လေး အာရုံစူးစိုက်ထားတယ်၊ သူ့ တပ်တွေရဲ့ တပ်တည်၊ တပ်ဖွဲ့မှု၊ အင်အားတောင့်တင်းမှုနဲ့ စစ်ရေးအသင့်ရှိမှုတွေကိုလည်း တိုးလို့ ဖော်ဆောင်နေတယ်၊ တပ်တွေရဲ့ အမြန်လှုပ်ရှားနိုင်စွမ်းကိုလည်း လေ့ကျင့်နေတာ ဖြစ်တယ်”ဟု ဩစတြေးလျ လေတပ်တာဝန်ရှိသူဟောင်းဖြစ်ပြီး လက်ရှိမှာ Griffith Asia Institute မှ သုတေသီတစ်ဦးဖြစ်သည့် ပီတာလေတန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly