နယ်စပ်ဒေသ ငြိမ်းချမ်းရေးသည် အရေးကြီးကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

By business-standard.com
17 July 2021
နယ်စပ်ဒေသ ငြိမ်းချမ်းရေးသည် အရေးကြီးကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တာဂျစ်ကစ္စတန်နိုင်ငံ ဒစ်ရှန်ဘီမြို့တွင်ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ဆွေးနွေးပွဲတွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာက ဇူလိုင်လ ၁၄ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီနှင့် သီးသန့်တစ်တစ်နာရီကြာတွေ့ဆုံစဉ် နယ်စပ်ဒေသတွင် ရှိရင်းစွဲအခြေအနေအား တစ်ဖက်သတ် ပြောင်းလဲခြင်းကို အိန္ဒိယက လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ် မေလအစောပိုင်းက ထိန်းချုပ်မျဉ်း(LAC) တွင် ထိပ်တိုက်ရင်ဆိုင်ရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးပြီးနောက် ယခုအစည်းအဝေးသည် အိန္ဒိယ နိုင်ငံခြားရေးဝန််ကြီး အက်စ်ဂျိုင်းရှန်ကာနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ရီတို့အတွက် ဒုတိယအကြိမ်မျက်နှာချင်းဆိုင် ဆွေးနွေးမှုဖြစ်သည်။

၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် မော်စကိုမြို့၌ SCO နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး တွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ပြီး လာဒတ်ချ်ရှိ ထိန်းချုပ်မျဉ်းတွင် နှစ်နိုင်ငံကြားဖြစ်ပွားနေသည့် တိုက်ပွဲပဋိပက္ခများနှင့်ပတ်သက်သည့် လိပ်ခဲတည်း လည်းအခြေအနေကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့သည် အနောက်ဘက်ဒေသ ထိန်းချုပ်မျဉ်း(LAC) တစ်လျှောက်ရှိ အထင်ကရ ပြဿနာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။

" ဒစ်ရှန်ဘီမြို့မှာ ပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံတော်ကောင်စီဝန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဝမ်ရီနဲ့ သီးသန့်တစ်တစ်နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ အနောက်ဘက်ဒေသ ထိန်းချုပ်မျဉ်း(LAC)တစ်လျှောက်မှာရှိတဲ့ အဓိက ပြဿနာတွေကို ဆွေးနွေးခဲ့ကြပါတယ်" အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာ က တွစ်တာတွင် ရေးသားခဲ့သည်။

ဆွေးနွေးပွဲတွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယအနေဖြင့် အခြေအနေကို တစ်ဖက်သတ် ပြောင်းလဲမှုကို လက်မခံနိုင်ကြောင်းနှင့် နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အပြည့်အဝပြန်လည်ထူထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့သည်။

“ရှိရင်းစွဲအခြေအနေကနေ တစ်ဖက်သတ် ပြောင်းလဲတာကို အိန္ဒိယက လက်မခံနိုင်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အပြည့်အဝပြန်လည်ထူထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်တပ်မှူးများ၏ အစည်းအဝေးကို စောနိုင်သမျှစောစော ကျင်းပရန် သဘောတူခဲ့ကြောင်း” သူက ထပ်လောင်း ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required