တာလီဘန်များ ကန်ဒါဟာလေဆိပ်ကို ၀င်တိုက်၍ လူ ကိုးဦးသေဆုံး

တာလီဘန်များ ကန်ဒါဟာလေဆိပ်ကို ၀င်တိုက်၍ လူ ကိုးဦးသေဆုံး

ကန်ဒါဟာ၊ ဒီဇင်ဘာ ၉ ။           ။ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့ရှိ လေဆိပ်တွင် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွား၍ လူကိုးဦးသေဆုံးကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက လေဆိပ်ကို အပြင်းအထန်တိုက်ခိုက်ခဲ့ခြင်းသည် ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာလီဘန်များက ကြေညာခဲ့သည်။

တာလီဘန်များ ကာလကြာထိန်းချုပ်ထားသည့် အမာခံနယ်မြေ ကန်ဒါဟာမြို့တောင်ပိုင်းတွင်ရှိသည့် ယင်းလေဆိပ်၏ ပထမဂိတ်ပေါက်ကို တိုက်ခိုက်ရေးသမားများ ချိုးဖောက်ဝင်ရောက် လိုက်နိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယင်းလေဆိပ်တွင် နေတိုးနှင့် အာဖဂန်စစ်တပ် စစ်ဌာနချုပ်ရုံးများ အခြေစိုက်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

သောင်းကျန်းသူအနည်းငယ်ဖြင့် လေဆိပ်ကို လာရောက်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးပြောဆိုခွင့်ရှိသူ ဆာမမ်ခိုပယ်ဝက်က အေအက်ဖ်ပီသို့ ပြောကြားသည်။

လေဆိပ်ဝင်းခြံထဲရှိ ကျောင်းတစ်ကျောင်းတွင် စစ်သွေးကြွများက နေရာယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

လေဆိပ်ဝင်းအတွင်းက တပ်ဖွဲ့ဝင်များအပြင် ဒေသအာဏာပိုင်များက ကွန်မင်ဒိုတပ်များစေလွှတ်ခဲ့၍ စစ်သွေးကြွများအား အတွင်းအပြင် ညှပ်ပူးညှပ်ပိတ် အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ခရီးသည်များလည်း ဝင်းအတွင်း ပိတ်မိနေခဲ့ပြီး သေဆုံးသူများတွင် စစ်သားများနှင့် အရပ်သားများလည်း ပါဝင်သည်။ စစ်သွေးကြွများဖက်က ဘယ်နှစ်ဦး ကျဆုံးသည်ကို သေချာမသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly