တရုတ်သင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကြောင့် သန္တာကျောက်တန်းများကို အန္တရာယ်ဖြစ်စေသည့် ဓာတ်ပုံများကို အမေရိကန်ကျွမ်းကျင်သူများ တွေ့ရှိထား

By Washington Post
16 July 2021
တရုတ်သင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကြောင့် သန္တာကျောက်တန်းများကို အန္တရာယ်ဖြစ်စေသည့် ဓာတ်ပုံများကို အမေရိကန်ကျွမ်းကျင်သူများ တွေ့ရှိထား

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော နေရာများတွင် တရုတ်သင်္ဘောများက လူများ၏ စွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးများကို နှစ်ပေါင်းများစွာ စွန့်ပစ်ခဲ့ကြသဖြင့် ပင်လယ်ရေမှော်များ ဖြစ်ပေါ်လာပြီး သန္တာကျောက်တန်းများ ပျက်စီးခြင်းနှင့် ငါးများကို အန္တရယ်ဖြစ်စေကြောင်း အမေရိကန်အခြေစိုက် ကျွမ်းကျင်သူတစ်ဦးက ဇူလိုင်လ ၁၂ ရက်က ပြောကြားခဲ့သည်။

တရုတ်ငါးဖမ်းသင်္ဘောများ ရာနှင့်ချီကျောက်ချရပ်နားထားသည့် စပရက်တလေကျွန်းများအနီးတွင် လူ့အညစ် အကြေးများ၊ မိလ္လာရေများနှင့် ရေဆိုးများ စုဝေးများပြားလာသဖြင့် ပင်လယ်ရေမှော် အစုအဝေးများ ဖြစ်ပေါ်နေကြောင်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဂြိုလ်တုပုံရိပ်များက ဖော်ပြနေသည်ဟု ဂြိုလ်တုပုံရိပ် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဉာဏ်ရည်တုနည်းပညာများကို ဖန်တီးသည့် ဆော့ဖ်ဝဲကုမ္ပဏီ Simularity Inc., ၏ အကြီးအကဲဖြစ်သူ လစ်ဇ် ဒါက ပြောကြားခဲ့သည်။

ဇွန်လ ၁၇ ရက်တစ်နေ့တည်းတွင် Union Banks များဟု လူသိများသော သန္တာကျောက်တန်းတွင် သင်္ဘော ၂၃၆ စင်းထက်မနည်း တွေ့ရှိခဲ့သည်ဟု တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ ဖိလစ်ပိုင်အွန်လိုင်းသတင်းဖိုရမ်တွင် သူမက ပြောကြားခဲ့သည်။

"သင်္ဘောတွေက မရွေ့တဲ့အခါ မစင်အညစ်အကြေးတွေ စုပုံလာပါတယ်" ဟု လစ်ဇ် ဒါက ပြောကြားခဲ့သည်။ ရာနှင့်ချီသောသင်္ဘောများသည် စပရက်တလီကျွန်းများတွင် ကျောက်ချရပ်နားပြီး သန္တာကျောက်တန်းများပေါ်သို့ စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်နေကြသည်။

လစ်ဇ်ဒါ၏ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဆိုင်ရာ အကဲဖြတ်ချက်ကို တရုတ်အာဏာပိုင်များက ချက်ချင်း မတုန့်ပြန်သော်လည်း တောင်တရုတ်ပင်လယ်ရှိ ငါးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် အစီအစဉ်များ လုပ်ဆောင်နေသည်မှာ ကြာနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် ဗီယက်နမ်တပ်များက Union Banks များရှိ သန္တာကျောက်တန်းအချို့ကို သိမ်းပိုက်ထားသည့်အပြင် ဖိလစ်ပိုင်က ယင်းကျွန်းများကို ပိုင်ဆိုင်ကြောင်း ပြောကြားထားသော်လည်း ကျယ်ပြန့်သော ကျွန်းတန်းများတွင် အခြေစိုက်သိမ်းပိုက်ခြင်းများ မရှိပေ။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး အက်ဝါဒိုမင်နစ်စ်က တရုတ်ကို ဆန့်ကျင်ကန့်ကွက်မှုပြုလုပ်ရန် ဆုံးဖြတ်ချက်မချမီ ဖိလစ်ပိုင်အာဏာပိုင်များက ယင်းတွေ့ရှိချက်များကို အကဲဖြတ်ဆုံးဖြတ်ရမည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required