တရုတ်ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ စွန့်စားရမှုအန္တရာယ်ကို Wall Street မှ တွက်ချက် ခန့်မှန်းနိုင်ခြင်း မရှိတော့

တရုတ်ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ စွန့်စားရမှုအန္တရာယ်ကို Wall Street မှ တွက်ချက် ခန့်မှန်းနိုင်ခြင်း မရှိတော့

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘီလီယံများစွာ ထည့်၀င်မြှုပ်နှံခဲ့သည့် တရုတ်နည်းပညာကုမ္ပဏီတစ်ခုအပေါ် ဖိနှိပ်ခဲ့ခြင်းအားဖြင့် မကြာ‌သေးခင်က ဝေါစထရိ ရင်းနှီးမြှုပ်နှံသူများအပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုကို ဖြစ်စေခဲ့သည်။

Goldman Sachs ၊ J.P. Morgan နှင့် Morgan Stanley တို့က တရုတ် ‘Didi app’ အတွက် နယူးယော့ခ် စတော့အိတ်စ်ချိန်းတွင် IPO (အစုရှယ်ယာ ကနဦးထုတ်ရောင်းမှု) တစ်ရပ် စတင်လုပ်ဆောင်ခဲ့ပြီးနောက် နှစ်ရက်မျှသာ ရှိသေးသည့် ဇူလိုင် ၂ ရက်တွင် တရုတ်စည်းမျဉ်းထိန်းသိမ်းမှု တာ၀န်ရှိသူများသည် ထို တရုတ်ကုမ္ပဏီအပေါ် ဖြိုခွင်းမှု လုပ်ခဲ့ကြောင်း ၀ါရှင်တန်ပို့စ်တွင် ရေးသားနေသည့် စာရေးသူ Josh Rogin က ဖော်ပြသည်။

ဒေတာအချက်အလက် သီးသန့်တည်ရှိမှု စိုးရိမ်ပူပန်မှုများကို ကိုးကားပြီး တရုတ်ကုမ္ပဏီများသည် Didi app ကို app store ကနေ ဖယ်ရှားရန် ညွှန်ကြားခဲ့ရာတွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူအများအပြား Didi တွင် ဒေါ်လာ ဘီလီယံများစွာ ထည့်၀င်မြှုပ်နှံထားခဲ့ပြီးနောက် အချိန်အနည်းငယ်အတွင်းမှာပင် Didi ၏ စတော့တန်ဖိုးသည် ယင်း၏ မူလတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ထိုးစိုက်ကျသွားခဲ့ရသည်။

ဝေါစထရိသည် တရုတ်လုပ်ငန်းကုမ္ပဏီများကို ငွေကြေးများ ပေးအပ်သော ရင်းနှီးမြှုပ်နှံသူများ ကြုံရမည့် စွန့်စားရမှု အန္တရာယ်များကို တွက်ချက်ခန့်မှန်းနိုင်ခြင်း မရှိတော့ ဆိုသည့် အချက်ကို တရုတ်ကုမ္ပဏီများတွင် ငွေကြေးထည့်၀င်မြှုပ်နှံရန် အမေရိကန်ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းနေသည့် ပါရဂူပညာရှင်များကပင်လျင် ၀န်ခံထားခဲ့ရပြီ ဖြစ်သည်။

“ခင်ဗျား ရနိုင်သလောက် ရှယ်ယာ များများ ရအောင်လို့ ကျွန်တော် ကြိုးစားသွားမယ်၊ သူတို့ စည်းမျဉ်းထိန်းညှိသူတွေနဲ့ ပြဿနာ အများအပြား ရှိလိမ့်မယ်လို့တော့ ကျွန်တော် သံသယဖြစ်မိတယ်” ဟု Didi App နှင့်ပတ်သက်ပြီး ကနဦး မှတ်ချက်ပေးထားခဲ့သည့် CNBC host ဖြစ်သည့် Jim Cramer သည်လည်း နောက်ပိုင်းတွင် တရုတ်၏ စည်းမျဉ်းထိန်းညှိသော လုပ်ငန်းများနှင့်ပတ်သက်ပြီး ၎င်း၏ အမြင်ကို ပြောင်းလဲထားခဲ့သည်။

တရုတ် စည်းမျဉ်းထိန်းသိမ်းရေး တာ၀န်ရှိသူများသည် ၎င်းတို့၏ နည်းပညာလုပ်ငန်းကြီးများအပေါ် ဖြိုခွင်းနေသည့် လက္ခဏာရပ်များ လုံလုံလောက်လောက် ရှိနေခဲ့သော်ငြား နယူးယော့ခ် စီးပွားရေး ကျွမ်းကျင်ပညာရှင်များသည် အထက်ပါ လက္ခဏာရပ်များကို အထူးအာရုံစိုက်ရမည့်အစား တရုတ်ကုမ္ပဏီများတွင် ရင်းနှီးခြင်းက သေချာသော အလောင်းအစားတစ်ခုဖြစ်ကြောင်း ၎င်းတို့၏ viewer များကို ပြောမြဲပြောနေခဲ့ရာ ယခုအခါ အမေရိကန် ရင်းနှီးမြှုပ်နှံသူအများအပြားသည် ယင်းအတွက် ပေးဆပ်နေရပြီ ဖြစ်သည်။

အကျိုးအမြတ်များသော တရုတ်စျေးကွက်ကို အထင်ကြီးမှုနှင့်အတူ ဝေါစထရိ ကုမ္ပဏီများနှင့် အမေရိကန်စည်းမျဉ်းထိန်းညှိသူများသည် တရုတ်ကုမ္ပဏီများကို အမေရိကန်ရင်းနှီးမြှုပ်နှံသူများထံမှ ငွေကြေးမတည်ရရှိနိုင်ရေးအတွက် ကူညီထောက်ပံ့မှု လုပ်ထားခဲ့ကြောင်း Josh Rogin က ပြောသည်။ ယခုကိစ္စ မတိုင်ခင်အထိ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဘဏ္ဍာ‌ရေးဆိုင်ရာအရ ချက်ချာပါးနပ်ခဲ့သည်ဟု ကျွမ်းကျင်သူအများအပြားက ယုံကြည်နေခဲ့ကြသည်။ CCP သည် ယင်း၏ ဝေါစထရိ စီးပွားရေးလုပ်ငန်းကို အညွှန့်ချိုးပစ်လိမ့်မည်ဟု ၎င်းတို့အနေဖြင့် မည်သည့်အခါတုန်းကမှ မယုံကြည်ခဲ့သော်လည်း ယခုအခါ တရုတ်အစိုးရသည် အထက်ပါ ပြောဆိုချက်အားလုံးကို အထင်နှင့် အမြင် တလွဲစီဖြစ်စေခဲ့သည်။

ထို့ပြင် ယခုအခြေအနေသည် သာ၍ ဆိုးလာနေသည်။ Alibaba နှင့် Tencent တို့ကဲ့သို့ ဧရာမ တရုတ်နည်းပညာလုပ်ငန်းများသည်လည်း အမျိုးမျိုးသော စွပ်စွဲချက်များအတွက် ဒဏ်ကြေးများ ပေးဆောင်နေကြရသည်။ တရုတ်အစိုးရသည် အမေရိကန်စျေးကွက်မှ ငွေကြေး မတည်ရရှိထားသော ကုမ္ပဏီအများအပြားကို ယခုအချိန်အထိ ပစ်မှတ်ထား စစ်ဆေးနေဆဲဖြစ်သည်။ ယခုအခါ အကျိုးအမြတ် ရှာဖွေနေသည့် တရုတ်ကုမ္ပဏီအားလုံးသည် CCP ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရှိနေသည် ဆိုသည်မှာ ငြင်းမရနိုင်ဘဲ လက်ခံရမည့် အချက်တစ်ခု ဖြစ်လာနေခဲ့သည်။ ထို့အတွက်ကြောင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တရုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကို ပုံမအပ်သင့်ပေ။

“တရုတ် နည်းပညာ ခေါင်းဆောင်တွေအကြား ဘယ်လိုလွတ်လပ်မှု သဘောကိုမဆို ဖြိုဖျက်ဖို့တင်မကပဲ သူတို့ ပေကျင်းရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေအညီ အသေအချာလုပ်ဆောင်စေဖို့အတွက် ကွန်မြူနစ်ပါတီဟာ တရုတ်နည်းပညာကုမ္ပဏီတွေအပေါ် ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ဖို့ အလုပ်များနေပါတယ်” ဟု “China’s Vision of Victory” ၏ ရေးသားသူ Jonathan D.T. Ward ကို ကိုးကားလျက် ၀ါရှင်တန်ပို့စ်က ဖော်ပြသည်။

တရုတ်ကုမ္ပဏီများသည် ပွင့်လင်းမြင်သာမှု၊ တာ၀န်ခံမှု မရှိဘဲ CCP ၏ အလိုက်အတိုင်း လိုက်ပါကစားနေခဲ့သည့်အတွက် တရုတ်ကုမ္ပဏီများတွင် ငွေကြေးထည့်၀င် ရင်းနှီးခြင်းက ဘာမျှမဟုတ်သော်လည်း ကြိုတင်ခန့်မှန်းနိုင်သော ဆုံးရှုံးမှုတစ်ခု ဆိုသည်ကို ပညာရှင်များက ၀န်ခံခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required