ပျူစောထီး (သို့) အာဏာရှင် ခါးပိုက်ဆောင်

By ဝေယံမိုးမြင့်
16 July 2021
 ပျူစောထီး (သို့) အာဏာရှင် ခါးပိုက်ဆောင်

ဇူလိုင် ၁၆

ဇူလိုင် ၂ ရက်နေ့မှာ မန္တလေးတိုင်းမြင်းခြံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမာခံ လူသိများတဲ့ ကျူရှင်ဆရာ မိုးဟိန်းနဲ့ ဇနီးဖြစ်သူတို့ကို  ပစ်ခတ်သတ်ဖြတ်ခဲ့တာ။

ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဝင်စီးခဲ့တဲ့ဖြစ်ရပ်မှာ အရပ်ဝတ်နဲ့လက်နက်ကိုင်တွေပါဝင်ခဲ့တာ။

ဆန္ဒပြခေါင်းဆောင်တချို့နဲ့ သတင်းစာဆရာတချို့ကို ဖမ်းဆီး ခေါ်ဆောင်တဲ့ ဗီဒီယိုဖိုင်တွေမှာ အရပ်ဝတ်အချို့ နဲ့ လူတွေက ဖမ်းဆီးမှုတွေလုပ်တာ။
 
သူတို့ဟာ ရဲလည်း မဟုတ် ၊စစ်တပ်လည်း မဟုတ်ဘဲ လူရမ်းကားပုံဆောင်တဲ့ အရပ်ဝတ်နဲ့ လက်နက်ကိုင်အချို့ ပေါ်ထွက်လာတဲ့အပေါ် မေးခွန်း ကျယ်လောင်စွာထွက်ပေါ်လာပါတယ်။
 
အရပ်သား လက်နက်ကိုင်တွေဟာ ဘယ်သူတွေလဲ

သူတို့ကိုယ်သူတို့ ပျူစောထီးလို သမုတ်ထားကြပါတယ်။

တကယ်တော့ပျူစောထီးဆိုတာ မြန်မာတွေရဲ့ ပါးစပ်ပြောသမိုင်းထဲက  ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဘုရင်တစ်ပါးအမည်ဖြစ်ပါတယ်။
 
ပျူစောထီးဆိုတဲ့နာမည်စသုံးပြီး ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုဖွဲ့စည်းတာ ဝန်ကြီးချုပ်ဦးနုလက်ထက်မှာပါ။ နောက်ပိုင်းမှာ အဲဒီအဖွဲ့ဟာ အစိုးရဆန့်ကျင်ရေးသမားတွေကို နှိပ်ကွပ်တဲ့အဖွဲ့ဖြစ်လာပါတော့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ အဲဒီအဖွဲ့ကိုဖျက်သိမ်းခဲ့ပါတယ်။

နှစ် ၆၀ ကျော်အကြာမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီခေတ်မှာ ပျူစောထီးကိုအသက်သွင်းပြီး သူ့တို့ကို လက်နက်မဲ့ရော လက်နက်ကိုင်တွန်းလှန်မှုကိုပါ တန်ပြန်နှိမ်နင်းဖို့ ကြိုးစားပါတော့တယ်။
 
“ပုံမှန်အားဖြင့်တော့ မြန်မာနိုင်ငံမှာ လက်နက်တွေထောက်ပံ့ပေးနိုင်တာသည် တပ်မတော်ပဲ ရှိပါတယ်။ သူတို့ရဲ့ထောက်ပံ့မှုမပါဘဲနဲ့တော့ ရပ်တည်နိုင်မှာမဟုတ်ပါဘူး” လို့ တပ်ကနေ CDM ပါဝင်လာတဲ့ ဗိုလ်ကြီးညီသုတက ပြောပါတယ်။

မြန်မာနောင်းသတင်းဌာနက ဇူလိုင်လ၄ရက်နေ့မှာထုတ်လွင့်ခဲ့တဲ့ ရုပ်သံသတင်းတစ်ခုမှာလည်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးက သူတို့နောက်မှာစစ်တပ် ရှိနေတယ်လို့ ဝန်ခံပြောထားပါတယ်။

ပျူစောထီးအဖွဲ့မှာ တပ်မတော်အငြိမ်းစား၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်၊ အရင်မဘသအဖွဲ့ဝင်နဲ့ ရပ်ကွက်အတွင်းမှ ဒလန်သူလျှိုများ ပါဝင်ကြတယ်လို့ မဇ္ဈိမက စုံစမ်းသိရှိရပါတယ်။

အဖွဲ့ဝင်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ သူတို့ဟာ တိုင်းပြည်အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေးအတွက် စစ်ကောင်စီရဲ့ အရံအင်အားစုအဖြစ် ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ သူတို့အဖွဲ့မှာ အငြိမ်းစားနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေနဲ့ တခြားပြည်သူတွေ ပါဝင်ကြောင်းဖော်ပြထားပါတယ်။

“သူတို့(ပျူစောထီးအဖွဲ့) ကို ဘယ်သူက (လက်နက်) တပ်ဆင်ပေးမလဲ။ စစ်ကောင်စီကပဲ တပ်ဆင်ပေးထားတာ ပေါ်လွင်နေတာပဲ။ သတင်းမီဒီယာနဲ့ ဖေ့စ်ဘွတ်မှာတွေ့နေရတာပဲ။ စစ်တပ်အဖွဲ့ဝင်နဲ့ တစ်တန်းထဲရှိနေကိုတွေ့နေရတာ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခူထဲဘူးက ပြောပါတယ်။

သူတို့ ဘာတွေလုပ်နေကြလဲ

ပျူစောထီး ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ အတွင်းရေးမှူး ကိုသူရက " နိုင်ငံတော်အာဏာထိန်းပြီးနောက်ပိုင်း နှစ်လကျော်၊ သုံးလလောက်အထိ ဒလန်လို့စွပ်စွဲခံရတဲ့ သူတွေမှာ အသတ်ခံရတဲ့သူတွေနဲ့ ဒဏ်ရာပြင်းထန်စွာရတဲ့ သူတွေ၊ ထွက်ပြေးတိမ်းရှောင်ရတဲ့ သူတွေစသဖြင့် ကြောက်ရွံ့မှုတွေဖြစ်နေတယ်။ ဒီလူတွေကိုကယ်တင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ တပ်မတော်ကလည်း ဒီလူတွေကို လုံခြုံရေးအရပဲတာဝန်ယူနိုင်တယ်။ ရဲတပ်ဖွဲ့ကလည်း လာမကယ်ဘူး။ တခြားအဖွဲ့အစည်းတွေကလည်း လာမကယ်ဘူး။ အဲ့လူတွေက ကယ်တင်ယူရ မယ့် ဘဝဖြစ်နေတယ်။ အဲ့အတွက်ဒုက္ခရောက်တဲ့သူတွေကို ကယ်ဖို့အတွက် မဖြစ်မနေထွက်လာတာပါ'' ဆိုပြီး မဇ္ဈိမကို ပြောဖူးပါတယ်။

ပျူစောထီးအဖွဲ့ကို မေလလယ်လောက်က စတင်တွေ့လာရတာဖြစ်ပါတယ်။  
 
သူတို့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့  NUG ဆန့်ကျင်ရေးစာတွေအပြင် ဘာသာရေးအစွန်းရောက်သဘောတွေ ရေးသားနေတာတွေ့ရပါတယ်။

သူတို့ဟာ အရပ်ဝတ်ဝတ်ကာ မျက်နှာဖုံးစွပ်၊ ဦးထုပ်တွေဆောင်းပြီး လက်နက်ကိုင်ဆောင်ကာ ဆန္ဒပြသူတွေ၊ PDF တွေကို ဝင်ရောက်ဖမ်းဆီးကြတာကို မီဒီယာတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

ပဲခူးမြို့က ပျူစောထီးတာဝန်ခံကို မေးမြန်းထားတဲ့ ဖုန်းခေါ်ဆိုမှုအသံဖိုင်တစ်ခုမှာ ပျူစောထီး အဖွဲ့ဝင်တွေက ရပ်ကွက်အတွင်း အချိန်အတော်ကြာပျောက်သွားပြီးမှ ပြန်ရောက်လာတဲ့ လူငယ်တွေ၊ ဆန္ဒပြပွဲတွေမှာဦးဆောင်ခဲ့သူတွေ၊ ဒလန်တွေကို ဆဲဆိုသူတွေကို စောင့်ကြည့်လေ့လာ ထောက်လှမ်းပြီး သတင်းပို့ပေးရမယ်လို့ ဖြေကြားထားပါတယ်။

“ရပ်ကွက်ထဲမှာ ကျွန်တော်တို့လူတွေက မီးရှို့မဲ့လူတွေ၊ မိုင်းထောင်မယ့်လူတွေ၊ ဖျက်လိုဖျက်စီးလုပ်မယ့် သူတွေရဲ့သတင်းကိုအတိအကျထောက်လှမ်းရမယ်။ ကျိန်းသေပြီဆိုတာနဲ့ အထက်လူကြီးကို သတင်းပို့ပြီးသူတို့ဘာသာလာရှင်းမယ်။ ရဲကိုသတင်းမပို့ဘူး။ ရပ်ကွက်လူကြီးကို သတင်းမပို့ဘူး။ စစ်တပ်ကိုပဲသတင်းပို့မှာ။ စစ်တပ်ကပဲလာရှင်းမှာ။ ဘာလို့လဲဆိုတော့ ရဲသတင်းပေးလိုက်ရင် ရဲကသစ္စာဖောက်တွေ။ အတွင်းသစ္စာဖောက်ထဲမှ ရဲပါတယ်။ ကျွန်တော်တို့က နစက ( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) နဲ့ တိုက်ရိုက်ချိတ်ထားတာ” လို့ အသံဖိုင်ထဲမှာပါရှိပါတယ်။
 
ဘာကြောင့်အပြစ်မဲ့ ပြည်သူကိုခြောက်လှန့် နိုင်တာလဲ

စစ်တပ်ရဲ့ရှေ့မှာ အရပ်ဝတ်တွေနဲ့ ပါဝင်နေတာဟာ တပ်ရဲ့သဘောတူညီမှုမရှိဘဲ လုပ်ကိုင်လို့မရတဲ့အကြောင်း ဗိုလ်ကြီးညီသုတက သုံးသပ်ထား ပါတယ်။

“ဒါကအခုမှမဟုတ်ပါဘူး။ အရင်ထဲကစွမ်းအားရှင်၊ မျိုးချစ်စတဲ့အဖွဲ့တွေက နိုင်ငံရေးပါတီကြီး တစ်ခုနဲ့ တပ်မတော်က သွယ်ဝိုက်သောအားဖြင့် နောက်ကွယ်ကအားပေးထောက်ပံ့လုပ်ပေးခဲ့လို့ ရပ်တည်ခဲ့ကြတာဖြစ်တယ်။ အဲ့ဒီအလားသဏ္ဍာန်တူတူပါပဲ။ ဒီအဖွဲ့ကလည်းသူတို့သည် တိုက်ရိုက်သက်ဆိုင်တယ်လို့ ထုတ်ပြောမှာမဟုတ်ဘူး။ သွယ်ဝိုက်သောအားဖြင့် အားပေး ထောက်ပံ့နေတယ်လို့ ယူဆရပါတယ်” လို့သူက ဆိုပါတယ်။

ဒီလက်နက်ကိုင်အရပ်အဝတ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်မှုမရှိဘူးလို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်ကတော့ မီဒီယာမှာ ငြင်းဆိုထားပါတယ်။

တဘက်မှာလည်း ပျူစောထီးတွေလည်း အသတ်ခံရတာရှိပါတယ်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင် (အရင်ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်း) လက်ရှိ စစ်အာဏာသိမ်းမှုကို ထောက်ခံနေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဝင် ဦးစိုင်းလင်းဇော် ဟာ ဇွန်လ၁ရက်နေ့က လှိုင်သာယာ (၁၁) ရပ်ကွက်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။

 ပျူစောထီးအဖွဲ့ဝင်လို့ ကိုယ်တိုင်ထုတ်ဖော် ကြေညာထားတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဝါယာကျေးရွာအုပ်စု၊ အောင်ပန်းကျေးရွာက ဦးညွန့်တင်ဟာ ဇွန်လ ၂၇ရက်နေ့ ည ၈ နာရီက ပစ်သတ်ခံခဲ့ရပြီး ယင်းမာမြို့နယ်၊ ကပိုင်ကျေးရွာကပျူစောထီးလို့ ဟစ်ကြွေးထားသော ရန်နိုင်ဟာလည်း ဇွန်လ ၂၈ ရက်နေ့ ည၁၁နာရီက ပစ်သတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းပုလဲမြို့နယ်၊ ကမ်းပါးရပ်ရွာက ပျူစောထီးသင်တန်းတက်  ပြန်လာသူ ကျော်ဦးနဲ့ ဝင်းပေါ ဆိုတဲ့ နှစ်ဦးကို ဇူလိုင် ၂ရက်နေ့က မျက်နှာဖုံးစွပ်ထားသူ ၁၅ ဦး လောက်က သတ်ဖြတ်ခဲ့ကြပါတယ်။
 
NUG အစိုးရရဲ့ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီရဲ့ ခါးပိုက်ဆောင် ပျူစောထီးအဖွဲ့များကို လူထုနဲ့ပူပေါင်းကာ နှိမ်နင်းသွားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

“အသေးစိတ်ပြောဖို့မဖြစ်ဘူး။ အသေးစိတ်က နည်းနာဗျူဟာပေါ် မူတည်လို့ အသေးစိတ်မပြောနိုင်ဘူး”လို့   ဒုဝန်ကြီး ဦးခူထဲဘူးကထပ်လောင်းပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly