မြန်မာစစ်အုပ်စုအတွက် အလုပ်လုပ်ပေးမှု ရပ်ဆိုင်းဟု အစ္စရေး-ကနေဒါ လော်ဘီသမား ပြော

မြန်မာစစ်အုပ်စုအတွက် အလုပ်လုပ်ပေးမှု ရပ်ဆိုင်းဟု အစ္စရေး-ကနေဒါ လော်ဘီသမား ပြော
Photo - Reuters

ဇူလိုင် ၁၅

စစ်တပ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အခြားနိုင်ငံများကို ရှင်းပြရန် မြန်မာစစ်အုပ်စုက ငှားရမ်းထားခဲ့သည့် အစ္စရေး-ကနေဒါ လော်ဘီသမားတစ်ဦးက ယခုအခါ ၎င်းအနေဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက် အလုပ်လုပ်ပေးမှုကို ရပ်ထားလိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အရေးယူဒဏ်ခတ်မှုများက ၎င်း၏အလုပ်အတွက် ငွေပေးချေမှုအပေါ် အဟန့်အတားဖြစ်စေခဲ့၍ ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်တွင် ပြောသည်။

အစ္စရေး-ကနေဒါ လော်ဘီသမား အရီ ဘန် မန်နာရှီ နှင့် ၎င်း၏ မွန်ထရီယယ် အခြေစိုက် လုပ်ငန်း Dickens & Madson Canada တို့သည် ပြီးခဲ့သည့် မတ်လက မြန်မာအဆင့်မြင့် ဗိုလ်ချုပ်ကြီးတစ်ဦးနှင့်အကြား ဒေါ်လာ ၂ သန်းတန် သဘောတူညီချက်တစ်ခု လက်မှတ်ထိုးခဲ့ပြီး အမေရိကန်တရားရေးဌာနထံ စာရွက်စာတမ်းများ တင်သွင်းခဲ့ကာ အရှေ့တောင်အာရှနိုင်ငံ၌ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းခဲ့သည့် အခြေအနေအပေါ် အနောက်အုပ်စု နားလည်နိုင်ရေး ကူညီပေးမည်ဟု ကတိပြုခဲ့သည်။

အရေးယူဒဏ်ခတ်မှုများ ရုပ်သိမ်းသည်နှင့်တပြိုင်နက် ၎င်းအနေဖြင့် ငွေပေးချေမှုကို လက်ခံရရှိလိမ့်မည်ဖြစ်ကြောင်း ထိုစဥ်အချိန်က ဘန် မန်နာရှီက ပြောခဲ့သည်။ မြန်မာစစ်တပ်နှင့်အတူ အလုပ်လုပ်ခြင်းအားဖြင့် ၎င်းအနေဖြင့် စစ်ဗိုလ်ချုပ်ကြီးများအပေါ် အမေရိကန် ချမှတ်သော အ‌ရေးယူပိတ်ဆို့မှုကို ချိုးဖောက်ရာရောက်ခြင်းနှင့်ပတ်သက်ပြီး အရဲစွန့်ခဲ့ဟု ဥပဒေကျွမ်းကျင်သူများက ပြောသည်။

မြန်မာစစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားခဲ့ပြီးဖြစ်သလို မြန်မာစစ်အုပ်စုဘက်က ဆန္ဒပြပွဲများအပေါ် လူမဆန်ရက်စက်သည့် ဖြိုခွင်းမှုတစ်ခုဖြင့် တုံ့ပြန်ထားခဲ့ပြီးနောက် ၀ါရှင်တန်အနေဖြင့် မြန်မာစစ်အုပ်စုနှင့် စစ်တပ်နှင့် ဆက်စပ်ကုမ္ပဏီများအပေါ် အရေးယူမှု အစီအမံများ တိုးမြှင့်ချထားခဲ့သည်။

ဇူလိုင် ၁၄ ရက်တွင် ဘန် မန်နာရှီက ပြောကြားခဲ့ရာတွင် ၎င်းအနေဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့်အကြား မည်သည့်ပြဿနာမှ မရှိကြောင်း၊ သို့သော် ၎င်း၏ အလုပ်ကို ရပ်ထားလိုက်ပြီဖြစ်ကြောင်း ၊ အကြောင်းမှာ ၎င်းအနေဖြင့် အရေးယူဒဏ်ခတ်မှုများကြောင့် ငွေပေးချေမှုကို လက်ခံရရှိနိုင်ခြင်း မရှိ၍ ဖြစ်ကြောင်း ပြောခဲ့သည်။

စစ်အုပ်စုအတွက် ဆွဲဆောင်စည်းရုံးပေးရမည့် ၎င်း၏ အလုပ် ရပ်ဆိုင်းကြောင်းကို ၎င်းဘက်က မြန်မာစစ်တပ်ခေါင်းဆောင်များထံ ပြီးခဲ့သည့်လက အကြောင်းကြားထားကြောင်း ဘန် မန်နာရှီက ပြောသည်။ ယင်းကို ဇူလိုင် ၁၃ ရက်က နိုင်ငံခြားလော်ဘီအစီရင်ခံစာက ပထမဆုံး ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ကို ငွေပေးချေလို့ မရနိုင်ဘူးလေ၊ ဒါက အင်မတန် နှုန်းထားကြီးပါတယ်” ဟု ဘန် မန်နာရှီက ပြောခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက် အလုပ်လုပ်ပေးနေခဲ့စဥ် အတောအတွင်း ဘန် မန်နာရှီသည် မြန်မာနိုင်ငံသို့ စီအင်န်အင်န် သတင်းထောက် လာရောက်သည့် ခရီးစဥ်ကို ကူညီစီစဥ်ပေးခဲ့သည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက် အခြားလုပ်ကိုင်ပေးထားသည်နှင့်ပတ်သက်ပြီး အသေးစိတ် ပြောပြရန် ၎င်းက ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly