ဖားကန့် လူနေရပ်ကွက်ဘက်ပစ်ခတ်မှု အရပ်သား ၄ ဦး ဒဏ်ရာရ

ဖားကန့် လူနေရပ်ကွက်ဘက်ပစ်ခတ်မှု အရပ်သား ၄ ဦး ဒဏ်ရာရ

ဇူလိုင် ၁၅

ဖားကန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရကာ အိမ်မွေးတိရိစ္ဆာန်အချို့သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

 ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားအုပ်စု၊ဆိုင်းဖရာရွာ ထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ခြင်းဖြစ်သည်။ 

" ဆိုင်းဖရာရွာ ထဲကို နန့်ယားကျေးရွာရှိစစ်ကောင်စီ စစ်တပ်ကုန်းကနေ ပစ်တာလက်နက်ကြီးကျည်လေးလုံးပေါက်ကွဲခဲ့တယ်။ ရွာသားလေးဦး ထိခိုက်ဒဏ်ရာရပြီး၊ဝက်ခြံထဲကျလို့ဝက်များလည်းသေတယ်လို့ဆိုပါတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံးသည် လမ်းမပေါ်တွင် စိုက်ဝင်နေခဲ့သည်။ 

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်နှစ်ခုလုံး လှုပ်ရှားနယ်မြေဖြစ်သော ဖားကန့်တွင် တိုက်ပွဲမကြာခဏ ဖြစ်နေပြီး ဒေသခံများကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ပုံစံမျိုးစုံဖြင့် နေစဉ် ပြုလုပ်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly