ငွေစု ငွေချေး အသင်းအချို့ ကျေးရွာတွေဆင်းပြီး ငွေကြေးကောက်ခံနေတဲ့အတွက် ကိုဗစ်ကူးစက်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေ

ငွေစု ငွေချေး အသင်းအချို့ ကျေးရွာတွေဆင်းပြီး ငွေကြေးကောက်ခံနေတဲ့အတွက် ကိုဗစ်ကူးစက်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေ
ဓါတ်ပုံ၊ ဇော်မင်းထိုက်(ကျေးလက်မြေ)

မကွေး၊ဇူလိုင်-၁၅

မကွေးမြို့ရှိ ငွေစု ငွေချေးအဖွဲ့အချို့က ကိုဗစ်ကာလမှာ ကျေးရွာတွေဆင်းပြီး ငွေးကြေးကောက်ခံတာတွေလုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ကိုဗစ်ကူးစက်မှာကို စိုးရိမ်နေကြတယ်လို့သိရပါတယ်။

မကွေးမြို့မှာ ကိုဗစ်ဖြစ်ပွားနှုန်းမြင့်တက်နေတဲ့အတွက် အသွားအလာ ကန့်သတ်ထားတာတွေလုပ်ထားပေမယ့် ငွေစု ငွေချေးအဖွဲ့အချို့ကတော့ ကျေးရွာတွေဆင်းပြီး ငွေကြေးကောက်ခံနေကြတာလည်း ဖြစ်ပါတယ်။

"ဒီလို ရောဂါတွေအဖြစ်များလို့ အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားတာကို မကွေးမြို့အခြေစိုက်ငွေစုငွေချေးအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ စထာပါနာအဖွဲ့နဲ့ ပက်စ်မြန်မာအဖွဲ့ဟာ ကျွန်တော်တို့ ကြာကန်ရွာ ငွေကြေး လာကောက်ပါတယ်။လက်ဗွေ နှိပ်ခိုင်းပါတယ်။သူတို့အနေနဲ့ အခုလိုချိန်မှာ ရွာကို မလာသင့်ဘူး။ကိုဗစ်စည်းကမ်းတွေ ချိုးဖောက်တာပဲ။"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မကွေးမြို့မှာ ဇူလိုင် ၁၃ရက် တစ်ရက်ထဲမှာပဲ ပိုးတွေ့လူနာ ၅၈ဦးထိရှိခဲ့ပြီး ငွေကြေးလာကောက်ခံတဲ့ ကြာကန်ကျေးရွာမှာလည်း ဇူလိုင် ၁၄ရက်နေ့က ပိုးတွေ့လူနာ တစ်ဦးတွေ့ရှိထားတယ်လို့သိရပါတယ်။ဒါကြောင့် ကိုဗစ်ကာလ အတွင်း ငွေစု ငွေချေးအဖွဲ့တွေအနေနဲ့ ကြာကန်ကျေးရွာ အပါအဝင် အခြားကျေးရွာတွေကိုလည်း ဝင်ရောက် ငွေကြေး ကောက်ခံတာတွေ မလုပ်သင့်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

"ဒီလိုကျေးရွာတွေကို ငွေဆင်းကောက်တဲ့အဖွဲ့တွေထံကနေ ကိုဗစ်ရောဂါပိုးကူးစက်ခံရမှာကိုစိုးရိမ်နေကြတယ်။ကိုယ့်ရွာကိုယ် ကာကွယ်နေရတဲ့အချိန်မှာ ငွေမကောက်သင့်သေးပါဘူး။ရောဂါတွေ ငြိမ်မှ ကောက်ပေးသင့်တယ်။အခုချိန်မှာ မပြောနိုင်ဘူး သူတို့ဆီက ကူးနိုင်သလို ကိုယ့်ဆီကလည်း ကူးနိုင်တယ်။"လို့ ကျေးလက်မြေ ပရဟိတ အဖွဲ့ ဦးဆောင်သူကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly