မလေးရှား ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းကို တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်များက နှောင့်ယှက်ထားခဲ့ဟု အမေရိကန် think tank အဖွဲ့ ပြော

By Zee5
15 July 2021
မလေးရှား ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းကို တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်များက နှောင့်ယှက်ထားခဲ့ဟု အမေရိကန် think tank အဖွဲ့ ပြော

မလေးရှားနိုင်ငံ ဆာရာ၀ပ်ပြည်နယ်၏ မလှမ်းမကမ်း ကမ်းလွန်ပင်လယ်ပြင်တွင် မလေးရှား၏ ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းသစ်တစ်ခုကို ပြီးခဲ့သည့် ဇွန်လအစောပိုင်းနောက်ပိုင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) ၏ ရေယာဉ်များက အနှောင့်အယှက်ပေးထားခဲ့ကြောင်း အမေရိကန် think tank (လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြံပေးအဖွဲ့) တစ်ခုဖြစ်သည့် မဟာဗျူဟာဆိုင်ရာနှင့် နိုင်ငံတကာ လေ့လာမှုစင်တာက ပြောသည်။

“မလေးရှားရဲ့ စွမ်းအင် ရှာဖွေမှုလုပ်ငန်းအပေါ် CCG က အနှောင့်အယှက်ပေးခဲ့တာ ဆိုရင် ပြီးခဲ့တဲ့ နွေဦးနောက်ပိုင်း သုံးကြိမ်ထက်မနည်း ရှိနေပါတယ်” ဟု အမေရိကန် think tank အဖွဲ့က “ကာဆာဝါရီရှိ

ပြိုင်ဆိုင်မှု၊ နောက်ထပ် မလေးရှားဓာတ်ငွေစီမံကိန်း ဖိအားနဲ့ တွေ့ကြုံနေရ” ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာထဲတွင် ပြောသည်။

“ဒါဟာ အိမ်နီးချင်း နိုင်ငံတွေ သူတို့ရဲ့ ကိုယ်ပိုင် သီးသန့်စီးပွားရေးဇုန်တွေထဲမှာ ရေနံနဲ့ ဓာတ်ငွေ့ ရှာဖွေတူးဖော်မှု လုပ်ငန်းလုပ်ဆောင်မှုတွေအပေါ် ပေကျင်းဘက်က စိန်ခေါ်မှုတွေ ဆက်လုပ်နေတယ် ဆိုတာကို ထပ်မံ ပြသလိုက်တာပဲဖြစ်ပါတယ်၊ ပြီးတော့ တိုက်ဆိုင်မှုတစ်ခု ဖြစ်ဖွယ် မရှိတဲ့ လေကြောင်းကင်းလှည့်မှုတစ်ခုအရလည်း တောင်တရုတ်ပင်လယ်မှာ ပိုင်ဆိုင်မှုတောင်းဆိုပြောကြားထားတဲ့ အခြားနိုင်ငံတွေကို နောက်ဆုတ်တပ်ခေါက်စေအောင် ဖိအားပေးဖို့အတွက် အပြိုင်အဆိုင် အရှိန်မြှင့်တင်မှုမှာ ပါ၀င်လုပ်ဆောင်လိုတဲ့ ပေကျင်းရဲ့ စိတ်ဆန္ဒကို ပြသနေပါတယ်” ဟု အစီရင်ခံစာတွင် ပြောသည်။

မလေးရှား၏ လုပ်ကွက် SK316 ရှိ ကာဆာ၀ါရီ ဓာတ်ငွေ့မြေ ဖော်ဆောင်လုပ်ကိုင်မှုကို ဗဟိုပြုပြီး မလေးရှားနှင့် တရုတ်အကြား တင်းမာမှုများ ပေါ်ပေါက်ထားခဲ့သည်။၂၀၁၁ ခုနှစ်တွင် ပထမဆုံး ရှာဖွေတွေ့ရှိပြီးနောက် ကာဆာ၀ါရီသည် နှစ်တစ်ချို့ကြာ လုပ်ငန်းဆောင်ရွက်မှုများအောက်တွင် ရှိနေခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ထိုလုပ်ကွက်သည် ၂၀၁၆ ခုနှစ်က အွန်လိုင်းပေါ် ရောက်လာခဲ့သည့် အခြားဓာတ်ငွေ့မြေ NC3 ၏ မြောက်ဘက် ပျမ်းမျှ ရေမိုင် ၄ ဒသမ ၃ မိုင် ခန့်အကွာတွင် တည်ရှိသည်။ NC3 ကဲ့သို့ပင် ကာဆာဝါရီ ဓာတ်ငွေ့မြေသည် တောင်ဘက် ရေမိုင် ၁၀၀ ခန့်ရှိ ဆာရာ၀ပ်ပြည်နယ် ဘင်တူလူရှိ LNG ဓာတ်ငွေ့ ထုတ်လုပ်ရေး စက်ရုံများသို့ ဖြည့်သွင်းပို့ဆောင်မည်ဖြစ်သည်။

ကာဆာဝါရီရှိ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခြင်း မတိုင်မီ ဇွန်လ ၁ ရက်တွင် တရုတ် စစ်ဘက်လေယာဥ် ၁၆ စင်းသည် “နည်းဗျူဟာဆိုင်ရာ ပျံသန်းမှု ပုံစံအတိုင်း ပျံသန်းရင်း” ဆာရာ၀ပ်၏ ရေမိုင် ၆၀ အတွင်းသို့ ချဥ်းကပ်ခဲ့သည်။ ဆက်သွယ်ချိတ်ဆက်ရန် ကြိုးပမ်းမှုများကို တရုတ်လေယာဥ်များက မသိကျိုးကျွန်ပြုပြီးနောက် လာဘွမ်ကနေ မလေးရှားတိုက်လေယာဥ်များကို ချက်ချင်း ပျံတက်စေခဲ့ရသည်။

ယင်းဖြစ်စဥ် ဖြစ်ပြီးနောက် မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဟီရှမ်မူဒင် ဟူစိန်က ထို တရုတ်လေယာဉ်များသည် “မလေးရှား လေပိုင်နက်နှင့် အချုပ်အချာအာဏာပိုင်နက်” ကို ချိုးဖောက်ခဲ့ကြောင်း ပြောခဲ့သလို

မလေးရှားဆိုင်ရာ တရုတ်သံအမတ်ကြီးကိုလည်း ဆင့်ခေါ်ခဲ့ကာ သံတမန်ရေးရာ ကန့်ကွက်မှုတစ်ခု လုပ်မည်ဟု ပြောခဲ့သည်။ ကင်းလှည့်မှုအတွက် ဖြစ်နိုင်ဖွယ်ရှိ မီးပွားနှင့် မလေးရှား၏ ဒေါသဖြင့် တုံ့ပြန်မှုတို့သည် ယင်းနောက် သုံးရက်အကြာတွင် ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့သည်။

CCG ရေယာဥ်များသည် အနီးအနားရှိ လူကိုနီးယား ပင်လယ်ရေတိမ်များ၀န်းကျင်တွင် ပုံမှန် လှုပ်ရှားသွားလာနေပြီး ယင်းတွင် လများနှင့်ကြာ ရှိနေကာ ရံဖန်ရံခါ မလေးရှား ကမ်းလွန် စွမ်းအင်လုပ်ငန်းများအနီးအနားကနေ ဖြတ်သန်းမှုများ လုပ်ဆောင်ကြောင်း အစီရင်ခံစာတွင် ပြောသည်။

မလေးရှား၏ Sapura Energy က ပိုင်ဆိုင်သည့် ပိုက်ခင်းသင်္ဘောတစ်စင်းဖြစ်သည့် Sapura 2000 သည် ကမ်းလွန် ထောက်ပံ့ဖြည့်ဆည်းမှု ရေယာဥ်တစ်ချို့နှင့်အတူ ကာဆာဝါရီသို့ ဆိုက်ရောက်ခဲ့ချိန် ဇွန်လ ၄ ရက်တွင် CCG 5403 သည် ဧရိယာအတွင်း လှုပ်ရှားနေခဲ့သည်ကို သတင်းအချက်အလက်ထောက်ပံ့ရေး ပရောဂျက် Marine Traffic ၏ သင်္ဘော စောင့်ကြည့်ထောက်လှမ်းရေး ဒေတာအချက်အလက်များက ပြသနေသည်။ ကာဆာဝါရီရှိ ရေနံနှင့် ဓာတ်ငွေ့ စက်ယန္တရား စင်မြင့်၏ မျက်နှာပြင်နှင့် စက်ကိရိယာ အပေါ်အုံကို တပ်ဆင်ရန် Sapura Energy ကို ကန်ထရိုက်ငှားထားခဲ့သည်။

အလားတူ တရုတ် ကမ်းခြေစောင့် သင်္ဘောတစ်စင်းသည် မလေးရှား သင်္ဘောနှစ်စင်းဖြစ်သည့် Sapura 2000 ၊ Sapura 3000 တို့နှင့်အတူ ကာဆာဝါရီတွင် ဆက်ရှိနေခဲ့သည်။

“ CCG 5303 ၊ Sapura 2000 နဲ့ Sapura 3000 တို့ဟာ ကာဆာဝါရီမှာပဲ အားလုံး ဆက်ရှိနေကြပါတယ်၊ ရေနံနဲ့ ဓာတ်ငွေ့ စက်ယန္တရား စင်မြင့်တပ်ဆင်မှု ပြီးတာနဲ့ လက်ရှိ တင်းမာမှုတွေ လျော့စဲ သွားနိုင်ခြေ ရှိတယ်ဆိုပေမယ့် ၂၀၂၂ မှာ စီစဉ်ထားတဲ့ ကာဆာ၀ါရီက ဒုတိယအဆင့် လုပ်ငန်းဆောင်ရွက်မှုတစ်ရပ်ကြောင့် တရုတ် ဥပဒေစိုးမိုးရေး အဖွဲ့နဲ့ ဆာရာ၀ပ်အနီး မလေးရှား ကမ်းလွန်စွမ်းအင်လုပ်ငန်းတွေအကြား ပွတ်တိုက်မှုက ဆက်ရှိနေဖို့ သေချာသလောက် ဖြစ်နေပါတယ်” ဟု အစီရင်ခံစာတွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required