အမေရိကန် SpaceX ကုမ္ပဏီက ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများကို အိန္ဒိယကုမ္ပဏီများနှင့် ပူးပေါင်း ထုတ်လုပ်မည်

အမေရိကန် SpaceX ကုမ္ပဏီက ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများကို အိန္ဒိယကုမ္ပဏီများနှင့် ပူးပေါင်း ထုတ်လုပ်မည်

အမေရိကန်နိုင်ငံမှ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် ဦးဆောင်သည့် ရော့ကတ်များ၊ အာကာသယာဉ်ပစ္စည်းများ ထုတ်လုပ်သည့် SpaceX ကုမ္ပဏီက အင်တာနာစနစ်များနှင့် မိုဘိုင်းဆက်သွယ်ရေးပစ္စည်းများအပါအဝင် ဂြိုဟ်တု ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အိန္ဒိယ၌ ထုတ်လုပ်ရန် နိုင်ငံတွင်းမှ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည်။

SpaceX အနေဖြင့် လာမည့်နှစ်တွင် နိုင်ငံအတွင်း မြန်နှုန်းမြင့် Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို စတင်လုပ်ဆောင်ရန် ပြင်ဆင်လျှက်ရှိသည်။

“Starlink စီမံကိန်းမှာ အသုံးပြုမယ့်ပစ္စည်းတွေ ထုတ်လုပ်ဖို့ အိန္ဒိယက လုပ်ငန်းအဖွဲ့တွေ့ လက်တွဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်” ဟု SpaceX က ဆက်သွယ်ရေးလုပ်ငန်းအတွင်းရေးမှူး အန်ရှူးပရာကက်ရှ်နှင့် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးပွဲတွင် အဆိုပါ စီမံကိန်းအတွက် ဈေးကွက်ချိတ်ဆက်ရေးဆိုင်ရာ ဒါရိုက်တာ မတ်ဘော့ဝင်းက ပြောကြားသည်။

ကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ ဆက်စပ်လုပ်ငန်းများနှင့် အကောင်းဆုံး ပူးပေါင်း လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေပြီး ယင်းအခွင့်အလမ်းများအတွက် အိန္ဒိယမှ မိတ်ဖက် လုပ်ငန်းများနှင့် လက်တွဲရန် ပြင်ဆင်လျှက်ရှိသည်ဟု ဘော့ဝင်းက ပြောသည်။

ယခုထုတ်ပြန်ချက်သည် SpaceX က ဂြိုဟ်တုဆက်သွယ်ရေး ကဏ္ဍနှင့် ပတ်သက်၍ အိန္ဒိယတွင် လုပ်ဆောင်မည့် အစီအစဉ်ကို ပထမဆုံး ထုတ်ပြန်ခြင်း ဖြစ်သည်။

SpaceX သည် Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု အစမ်းသုံးရန် ကြိုတင်အမှာများကို လက်ခံနေပြီး စရံငွေ ၉၉ ဒေါ်လာ (ရူပီး ၇၀၀၀) ကို အသုံးမပြုလိုပါက ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ၏ ဂြိုဟ်တု ဆက်သွယ်ရေး အင်တာနက်ဝန်ဆောင်မှုကို အိန္ဒိယတွင် ၂၀၂၂ ခုနှစ်၌ စတင်ရန် ရည်ရွယ်ထားပြီး စည်းကမ်းကြပ်မတ်ထိန်းသိမ်းရေးအဖွဲ့၏ အတည်ပြုချက်အပေါ်တွင်လည်း မူတည်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required