ပါကစ္စတန်မှာ ဘတ်စ်ကား‌ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၉ ဦး အပါအ၀င် လူ ၁၂ ဦး သေဆုံး

ပါကစ္စတန်မှာ ဘတ်စ်ကား‌ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၉ ဦး အပါအ၀င် လူ ၁၂ ဦး သေဆုံး
Photo - AFP

ဇူလိုင် ၁၄

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇူလိုင် ၁၄ ရက်က ဘတ်စ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်စဥ်ဟာ ဗုံးခွဲတိုက်ခိုက်ခံရမှုတစ်ခုဖြစ်ကြောင်းနဲ့ အဆိုပါဖြစ်စဥ်ကြောင့် သေဆုံးခဲ့သူ ၁၂ ဦးထဲမှာ တရုတ်အလုပ်သမား ကိုးဦးလည်း ပါ၀င်ခဲ့ကြောင်း တရုတ်က ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် ပါကစ္စတန် အာဏာပိုင်တွေကတော့ အဆိုပါ ပေါက်ကွဲမှုဟာ “ဂတ်စ် ယိုစိမ့်မှု တစ်ခု” ကြောင့်သာ ဖြစ်တယ်လို့ ပြောထားခဲ့ပါတယ်။

အဆိုပါ ဘတ်စ်ကားဟာ တရုတ်နိုင်ငံသား အင်ဂျင်နီယာတွေ၊ မြေတိုင်းအမှုထမ်းတွေ၊ စက်မှုဆိုင်ရာ ၀န်ထမ်းတွေအပါအ၀င် လူ ၄၀ ခန့်ကို တင်ဆောင်ပြီး ခိုင်ဘာ ပက်ခ်တွန်ခွာ ပြည်နယ်မှာ ရှိတဲ့ ရေအားလျှပ်စစ် ဆည် တည်ဆောက်ရေးဆိုဒ်တစ်ခုကို သွား‌ရောက်ခဲ့တာ ဖြစ်ပါတယ်။

အစ္စလမ်မာဘတ်ဟာ ပေကျင်းရဲ့ အနီးစပ်ဆုံး ဒေသတွင်း မဟာမိတ် ဖြစ်ပေမယ့် ပါကစ္စတန်မှာ တရုတ်လုပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ ကာလကြာကတည်းက စိုးရိမ်ပူပန်စရာ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေအနက် အများစုဟာ ယင်းနိုင်ငံမှာ အခြေခံအဆောက်အအုံ ပရောဂျက်တွေ တည်ဆောက်ဖို့နဲ့ ကြီးကြပ်ဖို့အတွက် အခြေစိုက်နေတာဖြစ်ပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာတော့ ဘတ်စ်ကားဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တစ်ခုဖြစ်ပြီး လျှိုတစ်ခုထဲ ထိုးကျခဲ့ကြောင်း၊ အဲဒီကနေ ဂတ်စ် ယိုစိမ့်မှု ဖြစ်ကာ ပေါက်ကွဲမှုတစ်ခုကို ဖြစ်စေခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းကတော့ “ဒါဟာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ကြောင်းနဲ့ ဒါနဲ့ပတ်သက်လို့ တုန်လှုပ်မိပြီး ယင်းကို ပြစ်တင်ရှုတ်ချကြောင်း” ထုတ်ဖော်ခဲ့ပါတယ်။

ဒီဖြစ်စဥ်မှာ တာ၀န်ရှိသူတွေကို အပြင်းအထန် အပြစ်ပေးဖို့ ၎င်းက ပါကစ္စတန်ကို တိုက်တွန်းခဲ့သလို တရုတ်နိုင်ငံသားတွေနဲ့ စီမံကိန်းတွေကိုလည်း အလေးအနက် ကာကွယ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အစ္စလမ်မာဘတ်ရှိ တရုတ်သံရုံးကလည်း ယင်းရဲ့ နိုင်ငံသားတွေ တိုက်ခိုက်ခံခဲ့ရတယ်ဆိုပြီး ကနဦးက ထုတ်ပြန်ခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly