ပုံမှန်ဆက်ဆံရေး ထူထောင်ပြီးနောက် အစ္စရေးမှာ ယူအေအီးက သံရုံး ဖွင့်လှစ် 

ပုံမှန်ဆက်ဆံရေး ထူထောင်ပြီးနောက် အစ္စရေးမှာ ယူအေအီးက သံရုံး ဖွင့်လှစ် 
Photo - AFP

ဇူလိုင် ၁၄

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ယူအေအီးဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန် ကြားဝင်စေ့စပ်တဲ့ သဘောတူညီမှုအောက်မှာ နောက်ဆုံး ပုံမှန်ဆက်ဆံရေး ဖော်ဆောင်တဲ့အနေနဲ့ အစ္စရေးနိုင်ငံမှာ ၎င်းရဲ့ သံရုံးကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ပြီ ဖြစ်ပါတယ်။ 

အစ္စရေးရဲ့ စီးပွားရေးအချက်အချာကျရာ တဲလ်အဗစ်မြို့က စတော့အိတ်ချိန်း အဆောက်အအုံသစ်မှာ တည်ရှိတဲ့ အဲဒီ သံရုံးဟာ ယူအေအီးနိုင်ငံအနေနဲ့ ဂျူးနိုင်ငံတော်ကို အသိအမှတ်ပြုတဲ့ တတိယမြောက် လူများစု အာရပ်နိုင်ငံ ဖြစ်လာခဲ့ချိန်မှနောက်ပိုင်း ဖြစ်ထွန်းလာခဲ့တဲ့ နှစ်နိုင်ငံကြားက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို မီးမောင်းထိုးပြလျက် ရှိနေပါတယ်။ 

အစ္စရေးသမ္မတသစ် အစ်ဟာ့အိတ်ချ်ဇို့ တက်ရောက်တဲ့ အခမ်းအနားမှာ ယူအေအီး သံအမတ်ကြီး မိုဟာမတ်အယ်လ်ခါဂျာက အခု သံရုံးဖွင့်ပွဲဟာ မိမိတို့ နှစ်နိုင်ငံကြားမှာ ကြီးထွားလာတဲ့ ဆက်ဆံရေးရဲ့ အရေးပါတဲ့ မှတ်တိုင်ပဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

“ယူအေအီးရော၊ အစ္စရေးပါ တီထွင်ဆန်းသစ်တဲ့ နိုင်ငံတွေ ဖြစ်တယ်၊ အဲဒီ ဖန်တီနိုင်စွမ်းကို အသုံးချပြီး ကျွန်တော်တို့ နိုင်ငံတွေနဲ့ ကျွန်တော်တို့ ဒေသအတွက် ပိုပြီး ကြွယ်ဝချမ်းသာပြီး တာရှည်ခိုင်မြဲတဲ့ အနာဂတ်ဆီ ဦးတည်ဖော်ဆောင်သွားနိုင်မှာ ဖြစ်တယ်”လို့ အယ်လ်ခါဂျာက ဆိုပါတယ်။ 

ယူအေအီးနဲ့ ရရှိတဲ့ ‘သမိုင်းဝင် သဘောတူညီချက်’ ကို အစ္စရေးနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေတဲ့ အခြားနိုင်ငံတွေကိုပါ ပါဝင်လာအောင်  ကြိုးစားသွားကြဖို့ အစ္စရေးသမ္မတ အိတ်ချ်ဇို့က တိုက်တွန်းပြောဆိုပါတယ်။ 

အရင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အစိုးရ ကြားဝင်စေ့စပ်ပေးတဲ့ Abraham Accords ဆိုတဲ့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအရ ပုံမှန်ဆက်ဆံရေး ထူထောင်ပြီးချိန်ကစလို့ အစ္စရေးနဲ့ ယူအေအီး နှစ်နိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ၊ လေယာဉ်ထုတ်လုပ်ရေးနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေအထိ စီးပွားရေးသဘောတူညီချက်တွေ များစွာ ချုပ်ဆိုထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ယာယစ်လာ့ပစ်ဟာ သမိုင်းတင်ခရီးစဉ်အဖြစ် ယူအေအီးနိုင်ငံဆီ ပြီးခဲ့တဲ့လမှာ သွားရောက်ခဲ့ပြီး အဘူဒါဘီမှာ အစ္စရေးသံရုံးနဲ့ ဒူဘိုင်းမှာ ကောင်စစ်ဝန်ရုံးတွေကို ဖွင့်လှစ်ခဲ့ပြီးနောက်မှာ အခု ယူအေအီးရဲ့ အစ္စရေးနိုင်ငံမှာ သံရုံးဖွင့်ပွဲကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပပြုလုပ်လာတာပဲ ဖြစ်ပါတယ်။ 

အစ္စရေးနဲ့ ပါလက်စတိုင်းကြား ကျယ်ပြန့်ပြီး တာရှည်ခံတဲ့ ငြိမ်းချမ်းရေး မရှိဘဲနဲ့ အစ္စရေးနဲ့ ပုံမှန်မဆက်ဆံသင့်ဘူးဆိုပြီး အာရပ်ကမ္ဘာရဲ့ ဆယ်စုနှစ်များစွာ ဘုံရပ်တည်ချက်ကို ချိုးဖောက်ပြီး ယူအေအီးက အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့တာအတွက် ပါလက်စတိုင်းဟာ စိတ်ဆိုးအမျက်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ယူအေအီးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ပြီးနောက်မှာ အစ္စရေးနိုင်ငံဟာ ဘာရိန်း၊ မော်ရိုကိုနဲ့ ဆူဒန်နိုင်ငံတွေနဲ့ပါ ပုံမှန်ဆက်ဆံရေး ထူထောင်လာနိုင်ခဲ့တာကြောင့် ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly