( ဆောင်းပါး) မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းအောက် စားဝတ်နေရေး ဝရုန်းသုန်းကား

( ဆောင်းပါး) မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းအောက် စားဝတ်နေရေး ဝရုန်းသုန်းကား

ဇူလိုင် ၁၄

ကြက်ဥအပါအဝင် ကုန်ဈေးနှုန်းမျိုးစုံ  ခုန်တက်သွားခြင်းက ကိုဗစ်၊ အာဏာသိမ်းမှုများနှင့် ကြုံတွေ့နေရသော ပြည်သူများကို အတော်ကလေး ဂယက်ထသွားစေတော့သည်။

“ ဈေးတက်သွားတော့ စားဝတ်နေရေး ဈေးဝယ်ဖို့ တော်တော်ခက်သွားတာပေါ့ ” ဟု သာကေတ (၁၂) ရပ်ကွက်မှာ ကုန်စိမ်းလှည့်ရောင်းနေသော ဈေးသယ်အမျိုးသမီးက ပြောသည်။ 

သူရောင်းနေကျ ကန်စွန်းရွက်တစ်စီတန်ဖိုးက ၂၀၀ ရှိခဲ့ရမှ ယခုတော့ ၃၀၀ ဖြစ်သွားရာ ဝယ်မဲ့သူပါးသွားကြောင်း သူကဆိုသည်။ သူ့လို ကလေးရှိသူအဖို့ ငွေရှာရအတော် ခက်ခဲပေအုံးမည်။

အသီးအရွက်များက ရန်ကုန်ရှိ မိုးမခဈေး၊ ကန်ဘဲ့ဈေးတို့တွင် ဂွေးတောက်ရွက်တန်ဖိုးပင် ၂၀၀ မှ ၄၀၀ တက်သွားသည်။ အချို့နေရာတွင် ၅၀၀ လောက်ထိ တက်သွားသည်။ ၁၀၀ တန်ပင်စိမ်းတစ်စည်း ၃၀၀ ဖြစ်သွားသည်။ ထို့အရွက် တစ်မယ်၊ နှစ်မယ်တည်း တက်သွားခြင်းမဟုတ်။ အသီးအရွက်အကုန်လုံး တက်သွားသည်။

အသားများလည်းဈေးတက်သည်။ ဝက်သားတစ်ဆယ်သား ၉၀၀ ရှိခဲ့သော်လည်း လက်ရှိတွင် ၁၅၀၀ ဖြစ်သွားသည်။ ယခင် အသားသက်သက် ၁၀၀၀ ဈေးနှုန်းက ယခု ၁၈၀၀ ဖြစ်သွားသည်။  

အသက် ၇၀ ကျော်ပြီဖြစ်တဲ့ တိုက်ကြီးနေသူ အမျိုးသမီးတစ်ဦးက “ အလုပ်အကိုင်လည်း မရှိ၊ ဒီလိုပဲ ရှာဖွေစားသောက်ရတော့မှာပေါ့ သားရယ် ” ဟု ငြီးငြီးငြူငြူ ပြောဆိုသည်။

အခြေခံလူတန်းစားများသည့် လှိုင်သာယာလို့ နေရာမျိုးတွင် အချို့အိမ်များမှာ ကြက်ဥကို ဖာလိုက်ဝယ်ထားကြသည်ဟု ဆိုသည်။ ကိုဗစ်အခြေအနေ၊ နိုင်ငံရေးအခြေအနေများကြောင့် ထိုသို့ ကြိုဝယ်ထားခြင်း ဖြစ်သည်။ 

“ လူတွေက စိုးရမ်ကြီးနေကြတယ်။ တချို့ပိုက်ဆံတတ်နိုင်တဲ့သူတွေကြတော့ မတရားဝယ်ထားကြတယ်။ တချို့ အခြေခံလူတန်းစားကြတော့ မဝယ်နိုင်ကြဘူးလေ ” ဟု လှိုင်သာယာနေလူငယ်တစ်ဦးက ဆိုသည်။

လှိုင်သာယာတွင် လောလောဆယ် ကြက်ဥတစ်လုံး ၁၆၀ ကျပ်သာ ရှိသေးသော်လည်း အချို့နေရာများတွင် ၂၀၀၊ ၂၅၀ ထိ ရောင်းချနေကြပြီး အချို့နေရာတွင် ကန့်သန့်ရောင်းချနေရာကာ အချို့နေရာတွင် ရောင်းချရန် ကြက်ဥပင်မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်အခြေအနေများကြောင့် ဆေးဆိုင်များတွင်လည်း ဆေးများပြတ်လပ်ကာ ဆိုင်ပိတ်ထားရသည်။

 ဆေးဈေးများမှာလည်း မြင့်တက်သွားသဖြင့် မှောင်ခိုရောင်းချမှုများပင် ရှိလာသည်ဟု ကာယကံရှင်မိသားစုတစ်စုက ဆိုသည်။ 

“ ဆေးဆိုင်တွေ၊ ဆေးခန်းတွေကိုပိတ်ခိုင်းပြီးပြည်သူတွေအများအပြားသေအောင်လုပ်နေတာလားတောင်ထင်ရတယ် စိတ်မကောင်းဖြစ်ရတယ် ” ဟု ဆေးဝယ်ယူရန် အခက်အခဲ ကြုံနေရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဆန်ဈေးများမှာလည်း မူလဈေးမှ ၆၀၀၀ ခန့်ထိ အစဉ်လိုက်တက်သွားကြောင်း လက်လီ၊ လက်ကားဆိုင်များမှ သိရသည်။ ဆီဈေးမှာလည်း လက်ရှိ နှစ်ဆခန့်ထိတက်သွားသည်။

စက်ရုံများပိတ်၊ ကုမ္မဏီများပိတ်ထားရခြင်းကြောင့် ဝင်ငွေမရှိဖြစ်နေကြသော ပြည်သူများမှာ ယခုတက်လာသော ကုန်ဈေးနှုန်းများကို မီးပင်လယ်ကဲ့သို့ ခက်ခဲစွာကျော်ဖြတ်ရပေမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly