မတူညီတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးရော ထိုးနှံပေးတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ခုခံကာကွယ်ပြော 

မတူညီတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးရော ထိုးနှံပေးတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ခုခံကာကွယ်ပြော 
Photo - AFP

ဇူလိုင် ၁၄

ကိုဗစ်ကာကွယ်ဆေးကို တစ်မျိုးတည်း မဟုတ်ဘဲ မတူညီတဲ့ ကာကွယ်ဆေး နှစ်မျိုးကို ရောနှော ထိုးနှံပေးတာနဲ့ ပတ်သက်လို့ ဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှုမှာ သက်သေနောက်ခံမရှိတဲ့ ‘အန္တရာယ်ရှိသော အလားအလာ’ တစ်ရပ်ပဲ ဖြစ်တယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ သိပ္ပံပညာရှင်တွေက သတိပေးခဲ့ပါတယ်။ 

WHO ရဲ့ အဲဒီ သတိပေးချက် ထွက်ပေါ်လာပြီးတဲ့နောက်မှာ ကူးစက်မှုမြင့်တက်နေတာကို တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး နှစ်မျိုးရော ထိုးနှံပေးဖို့ ဆုံးဖြတ်ချက်ချထားတဲ့ ထိုင်းနိုင်ငံဟာ ၎င်းရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အင်္ဂါနေ့မှာ ခုခံကာကွယ် ပြောဆိုလာခဲ့ပါတယ်။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံအနေနဲ့ ကူးစက်မှု ပိုမြန်တဲ့ Delta ဗိုင်းရပ်စ်မျိုးကွဲကြောင့် မြင့်မားနေတဲ့ ကူးစက်ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ရေး ရုန်းကန်နေရတာ ဖြစ်ပြီး သေဆုံးနှုန်ဟာလည်း ထိုးတက်နေသလို နိုင်ငံရဲ့ ကျန်းမာရေးစနစ်လည်း ဝန်ပိလျက် ရှိနေပါတယ်။ 

ဘန်ကောက်ဆင်ခြေဖုံးက ကူးစက်မှုမြင့်တက်ရာ ရပ်ကွက်တွေမှာ ကျန်းမာရေး တာဝန်ရှိသူတွေဟာ ကိုဗစ်လူနာတွေကို အောက်ဆီဂျင်ဘူးတွေနဲ့ အခြား လိုအပ်ရာ ဆေးဝါးရိက္ခာတွေ ပံ့ပိုးပေးနေသလို ကိုဗစ် စမ်းသပ်စစ်ဆေးတာတွေကိုလည်း ကွင်းဆင်းလုပ်ဆောင်နေကြပါတယ်။ ဘန်ကောက်မြို့တော်မှာ ဆေးရုံကုတင် မလောက်မင ဖြစ်နေတာဟာ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ရှိထားတဲ့ မိသားစုဝင်တွေကို အိမ်မှာပဲ သီးခြားခွဲနေခိုင်းရတာတွေလည်း အမြောက်အမြား ရှိနေပါတယ်။ 

သီတင်း ၁၂ ပတ်အစား ခြောက်ပတ်အတွင်းမှာ ကာကွယ်ဆေးအရှိန် ထက်မြက်မှုကို ရရှိဖို့အတွက် တရုတ်ထုတ် Sinovac ကာကွယ်ဆေးကို ပထမအလုံးအဖြစ် ထိုးနှံပေးပြီး AstraZeneca ကာကွယ်ဆေးကိုတော့ ဒုတိယဆေးအဖြစ် ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  

“ရောဂါ မြန်မြန်ဆန်ဆန် ပြန့်နှံ့နေတဲ့ နေရာတွေက ကူးစက်ဖြစ်ပွားမှုတွေမှာ ဆေးအာနိသင် ထက်မြက်မှုကို ရရှိဖို့အတွက် ကျွန်တော်တို့ သီတင်း ၁၂ ပတ်အထိ စောင့်နေလို့ မဖြစ်ဘူး”လို့ ထိုင်း ‌ရောဂါပိုးမွှားဗေဒပညာရှင် အကြီးအကဲ ပိုဗိုရာဝန်က ပြောပါတယ်။ 

“ဒါပေမဲ့ အနာဂတ်မှာ ပိုပြီး ကောင်းမွန်ပြည့်စုံတဲ့ ကာကွယ်ဆေးတွေ ရှိလာတဲ့အခါ ဒီ အခြေအနေကို စီမံခန့်ခွဲဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို ကျွန်တော်တို့ ရှာဖွေမှာ ဖြစ်ပါတယ်”ဆိုပြီး သူက ဆိုပါတယ်။ 

မတူတဲ့ ကာကွယ်ဆေး နှစ်မျိုးရော ထိုးနှံပေးတဲ့ နည်းလမ်းဟာ ‘အန္တရာယ် အလားအလာ’ တစ်ရပ်ပဲလို့ WHO သိပ္ပံပညာရှင်ချုပ် ဆွမ်းမီနာသန်က ပြောဆိုခဲ့ပြီး နောက်တစ်ရက်မှာပဲ ပိုဗိုရာဝန်က မှတ်ချက်ပြု ပြောဆိုလာခဲ့တာပါ။ “ကာကွယ်ဆေး ရောနှော ထိုးပေးတာနဲ့ ပတ်သက်ပြီး ခုထက်ထိ ကျွန်မတို့မှာ အချက်အလက်ရော၊ သက်သေတွေပါ ဘာမှ မရှိဘူး”လို့ ဆွမ်းမီနာသန်က ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ဘန်ကောက်ညဈေးတန်းတွေကစတဲ့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းဟာ ဧပြီလအတွင်း စတင်ဖြစ်ပွားချိန်ကစလို့ လက်ရှိအထိ စုစုပေါင်း ကူးစက်ဖြစ်ပွားသူ ၃၅၃၇၀၀ ကျော်ထက်မနည်း ရှိပြီး သေဆုံးသူဦးရေဟာ ၂၈၄၇ ဦး ရှိထားပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly